ရာသီသွေးမမှန်တာ ဒီအချက်တွေကြောင့်ပါ
အရွယ်ရောက်တဲ့လေဒီလေးတွေအတွက် အရေးကြီးတဲ့အချက်တစ်ခုရှိပါတယ်။ ဒါကတော့ ရာသီသွေးပုံမှန်ဆင်းဖို့ပါ။ ဒါမှ ခန္ဓါကိုယ်က ကျန်းမာလှပမှာပါ။ တစ်ခါတလေမှာ ရာသီသွေးကပုံမှန်မဟုတ်တာမျိုးခံစားရနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကိုယ့်အနေနဲ့ စိတ်ပူမိတာမျိုးရှိနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဘာကြောင့်ဖြစ်ရတာလဲဆိုတာကို အဖြေရှာနိုင်စေဖို့ ဒီဆောင်းပါးလေးက အကူအညီပေးနိုင်မှာပါ။

ရာသီသွေးမမှန်ခြင်း
အမျိုးသမီးအများစုဟာ လစဉ် ၄ ရက်ကနေ ၇ရက်တာလောက်အထိ ရာသီသွေးဆင်းတတ်ကြပါတယ်။ ၂၈ ရက်တိုင်းမှာ ပုံမှန်ရာသီသွေးပေါ်လေ့ရှိကြတာပါ။ ပုံမှန်အားဖြင့် ရာသီပေါ်ချိန်တစ်ခုနဲ့တစ်ခုကြားမှာ ၂၁ ရက် ဒါမှမဟုတ် ၃၅ ရက်ခန့်ခြားတတ်ပါတယ်။ ပုံမှန်ရာသီစက်ဝန်းက ၂၈ ရက်ကြာတစ်ခါဖြစ်ပြီးစောခဲ့ရင်လည်း ၇ ရက်နောက်ကျရင်လည်း ၇ ရက်လောက်ပါပဲ။
ဒီလိုအခြေအနေမျိုးတွေဖြစ်မယ်ဆိုရင်တော့ ရာသီသွေးမမှန်ဘူး၊လို့ဆိုရပါမယ်။
- ၂၁ ရက် မပြည့်ခင်မှာ ထပ်တစ်ကြိမ် ရာသီသွေးပေါ်တာ
- ၃၅ ရက်ကျော်ကြားခြားပြီးမှ ရာသီသွေးပေါ်တာ
- ပုံမှန်ထက် ရာသီသွေးပိုဆင်းတာ
- ပုံမှန်ထက်နည်းပြီး ရာသီသွေးဆင်းတာ
- ၇ ရက်ကျော်ကြာတဲ့ရာသီသွေးပေါ်နေတာ
- ရာသီပေါ်ချိန်မှာ နာကျင်တာ၊ ကိုက်ခဲတာ၊ မအီမသာဖြစ်တာ၊အော့အန်တာမျိုးတွေခံစားရတာ
- ရာသီစက်ဝန်းတစ်ခုနဲ့ တစ်ခုကြားမှာ ပုံမှန်မဟုတ်ဘဲသွေးပေါ်တာ
- ရာသီလာတဲ့ရက်မမှန်တာ
ဒီအချက်တွေကြောင့် ရာသီသွေးမမှန်တာမျိုးဖြစ်နိုင်ပါတယ်
ရာသီသွေးမမှန်တဲ့အခါ ဘာအကြောင်းကြောင့်များလဲဆိုပြီး စဉ်းစားရတာတော်တော်လေးခေါင်းခြောက်စရာပါ။ တကယ်တော့ ရာသီသွေးမမှန်တာကိုခံစားရတာက အခုအချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။
- လေ့ကျင့်ခန်းတွေအလွန်အကျွံလုပ်တာ
- Diet အလွန်အကျွံလုပ်တာ
- စိတ်ဖိစီးမှုများနေတာ
- သန္ဓေတားဆေးတစ်ခုခုသောက်သုံးနေတာ
- သိုင်းရွိုက်ပြဿနာရှိနေတာ
- ရောဂါတစ်ခုခုဖြစ်နေတာ
- Polycystic ovary syndrome (PCOS) မမျိုးဥအိမ် ရေအိတ်တည်ခြင်း ခံစားနေရတာ
- အသက်အရွယ်ရလာတာ
- ကိုယ်ဝန်ရှိနေတာ
- သွေးဆုံးသွားတာ
- သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းအသုံးပြုထားတာ
- နို့ချိုတိုက်ကျွေးနေရတာ
- သားအိမ်အတွင်းနံရံထူနေတာ
- အဝလွန်တာလိုမျိုး အကြောင်းအရာတွေကြောင့်လည်း ရာသီသွေးမမှန်တာမျိုးဖြစ်နိုင်ပါတယ်။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။