brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

အိမ်ထဲမှာပဲ ကိုယ်ပိုင် spa လေးတစ်ခု ဖန်တီးရအောင်။ ။

ခုခေတ်ကြီးက ရုံးနဲ့ အိမ်၊ အိမ်နဲ့ရုံး အသွားအပြန်၊ ပြီးတော့ ကားစီးနေတာနဲပဲ အချိန်ကုန်နေတော့ အလှပြင်ဆိုင်တို့ spa တို့သွားဖို့ အချိန်ဆိုတာ လုံးဝကို မရှိသလောက်နေတဲ့ ခေတ်ကြီးပါ။ အသက်ကကြီးလာ နေပူထဲသွားတာလည်းများလာတော့ အသားအရေတွေကပျက်စီး။ လှတာတော့ လှချင်ပါရဲ့။ ဒါပေမယ့် spa တို့ အလှပြင်ဆိုင်တို့ သွားဖို့ကလည်း အချိန်ကမရှိဆိုတော့ အိမ်မှာပဲ spa လေးတစ်ခုလောက် ဖန်တီးထားရင် မကောင်းဘူးလား။

အိမ်ထဲမှာပဲ ကိုယ်ပိုင် spa လေးတစ်ခု ဖန်တီးရအောင်။ ။

လူကိုလည်း ထိခိုက်ခြင်းမရှိတဲ့သဘာဝ ပစ္စည်းလေးတွေနဲ့ အိမိတွင်း spa တစ်ခု ဖန်တီးရအောင်။

( ၁ ) လင်းလက်တောက်ပတဲ့ မျက်နှာအသားအရေ ေလးပိုင်ဆိုင်ဖို့အတွက်

မျက်နှာကို ကြည့်လိုက်တာနဲ့ တင်းရင်းပြီး လင်းလက်နေတာမျိုးကို အိမ်တွင်းမီးဖိုချောင်သုံး ပစ္စည်းလေးတွေနဲ့ပဲ ဖန်တီးလို့ရတယ်ဆိုတာ သင်သိပါသလား။

သံပရာသီး + ပျားရည်

ပါဝင်ပစ္စည်း – သံပရာသီးတစ်ခြမ်း၊ ပျားရည်တစ်ဇွန်း

ပြုလုပ်ပုံ – ဆံပင်တွေ မျက်နှာပေါ် မကျအောင် သေချာစည်းလိုက်ပါ။ သံပရာသီးကို အရည်ညှစ်ပြီး ပျားရည်နဲ့ ရောလိုက်ပါ။ သေချာနှံစပ်အောင် မွှေးပြီး မျက်လုံးနေရာကို ရှောင်၍ မျက်နှာအနှံ့ ညီညီညာညာ သုတ်လိမ်းပါ။ မိနစ် ၂၀လောက်ထားပြီးရင် ရေနွေးနွေးလေးနဲ့ ပြန်ဆေးချပါ။ ပွင့်နေတဲ့ ချွေးပေါက် တွေ ပြန်ကျဉ်းသွားအောင်လို့ ရေအေးအေးလေးနဲ့ မျက်နှာသစ်ပြီး အဝတ်သန့်သန့်လေးနဲ့ သုတ်ပါ။ အစိုဓါတ်ထိန်းခရင်မ်လိမ်းပါ။

နှင်းဆီရေ

ပါဝင်ပစ္စည်း – နှင်းဆီပွင့်ဖတ်သန့်သန့်လေး အခု ၂၀၊ ရေ ၃၀၀ မီလီလီတာ

ပြုလုပ်ပုံ- နှင်းဆီပွင့်ဖတ် တွေကို အိုးသန့်သန့်လေးတစ်ခုအတွင်း ရေ ၃၀၀ မီလီလီတာနဲ့ ရောပြီး မီးအပူပေး ၁ နာရီ ၂ နာရီလောက် ကျိုချက်လိုက်ပါ။ ပြီးတဲ့အခါ ရေစစ်နဲ့ စစ်ပြီး ခွက်သန့်သန့်တစ်ခုထဲ ပြောင်းထည့်ပါ။ စစ်ပြီးသားအရည်ကို အဖုံးပိတ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားပါ။ အေးသွားတဲ့အခါ အသုံးပြုလို့ရပါပြီ။ ရလာတဲ့ နှင်းဆီရေကို ဒီတိုင်း toner အဖြစ်ပဲ သုံးသုံး၊ မျက်နှာပေါင်းတင်ဖို့ပဲ သုံးသုံး အသုံးြ့ပုလို့ရပါပြီ။

( ၂ ) ဆံကေသာ အလှကိုလည်း မေ့ထားလို့ မရပါဘူး။

ငှက်ပျောသီး +အုန်းဆီ+ ကြက်ဥ အကာ

  • ငှက်ပျောသီး အမှည့်တစ်လုံး
  • အုန်းဆီ ခွက် လေးပုံတစ်ပုံ
  • ကြက်ဥ အကာ

ပြုလုပ်ပုံ

ပါဝင်ပစ္စည်းအားလုံးကို နှံ့စပ်အောင် ရောမွှေလိုက်ပြီး ရလာတဲ့ အနှစ်ကို ခေါင်းပေါ် သုတ်လိမ်းလိုက်ပါ။ ပြီးရင် ခေါင်းစည်းပုဝါ ( shower cap) နဲ့ မိနစ် ၃၀လောက် ပေါင်းထားပါ။ ခေါင်းပြန်လျှော်ပါ။

( ၃ ) ကိုယ်ခန္ဓါအသားအရေ ။

ခုပြောပြမယ့် ပါဝင်ပစ္စည်း ၃ ခုနဲ့တင် ကိုယ်ခန္ဓါတစ်ခုလုံးကိုကြေးချွတ် ပေါင်းတင်လို့ရမယ်ဆို အံ့သြသွားမလား။

ပါဝင်ပစ္စည်း

  • သကြားအညို တစ်ခွက်
  • အုန်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • သံပရာသီး ၁ လုံး

ပြုလုပ်ပုံ – ပါဝင်ပစ္စည်းအားလုံးကို သေချာရောမွှေပါ။ ကိုယ်ခန္ဓါတစ်ခုလုံးပေါ် သုတ်လိမ်းပြီး ညင်သာစွာ ပွတ်တိုက် ကြေးချွတ်ပါ။ ပုံမှန် အတိုင်း ရေပြန်ချိုးလို့ရပါပြီ။

( ၄ ) ချွေးထုတ်ခန်း လေးတစ်ခု ဖန်တီးကြမယ်။

ကိုယ့်အိမ်က ရေချိုးခန်းလေးကို ချွေးထုတ်ခန်းအဖြစ်ပြောင်းလဲလိုက်ရအောငါ။

  • ရေပူရေအေးစက်ကိုဖွင့် ရေပူအောင်လုပ်ထားပြီး အလုံပိတ်ရေချိုးခန်းထဲ မိနစ် ၂၀လောက်ဖွင့်ထားလိုက်ပါ။ ပြီးရင်ကိုယ်ကြိုက်တဲ့ အမွှေးနံ့လေးကို ပုဝါမှာ ဆွတ်ပြီး အခန်းကို အလုံပိတ်လိုက်ပါ။ အခန်းထဲမှာ ရေနွေးငွေ့ ပမာဏ လုံလုံလောက်လောက်ရပြီဆိုရင် အခန်းထဲကို ထိုင်ခုံတစ်လုံး ခုံတန်းရှည် တစ်ခုနဲ့အတူဝင်သွားပါ။ ပြီးရင် ပဝါလေးကို မျက်နှာပေါ်တင်ပြီး မျက်လုံးမှိတ်က ခဏ အနားယူပါ။
  • အနားယူလိုက်ရလို့ ပင်ပန်းနေတာတွေ ပြေပျောက်သွားမယ့်အပြင် ချွေးတွေပါ ထုတ်လိုက်ရလို့ အသားအရေကြည်လင်နေမှာပါ။

ဒါတွေကတော့ ဝေးဝေးလ့လံ အပင်ပန်းခံပြီး သွားစရာမလိုတဲ့အပြင် အကုန်အကျလည်း သက်သာ လုပ်ရတာလည်း လွယ်ကူတဲ့ အိမ်တွင်း spa လေးတစ်ခု ဖန်တီးနိုင်မယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Thin Yadanar @ Frances · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။