brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

ဖယောင်းသွင်း ထားသလို ဆံသားပျော့ပျောင်းသွားစေမယ့် သဘာဝပေါင်းဆေး(၃)မျိုး

ဆံသားကို သေချာဂရုမစိုက်တာ၊ နေရောင်ခြည်နဲ့ထိတွေ့မှုများတာနဲ့ ဓာတုပစ္စည်းတွေသုံးတာတွေ များလာရင် ဆံကေသာကို ထိခိုက်ပျက်စီးစေတာပေါ့။ ဆံသားကို ပြုပြင်ထိန်းသိမ်းပေးမှ ပြန်လည်ကျန်းမာစေပြီး ပုံကျလှပနိုင်မှာပါ။

ဖယောင်းသွင်း ထားသလို ဆံသားပျော့ပျောင်းသွားစေမယ့် သဘာဝပေါင်းဆေး(၃)မျိုး

အပူဒဏ်၊ ဆံပင်ပုံသွင်းခြင်း၊ ဂရုစိုက်ထိန်းသိမ်းမှုမရှိခြင်း၊ နေရောင်ခြည်နဲ့ထိတွေ့မှုလွန်ကဲခြင်းနဲ့ ဓာတုပစ္စည်း ထိတွေ့မှုတွေကြောင့် ဆံသားကို ထိခိုက်ပျက်စီးစေပါတယ်။ ဆံပင်ပျော့ဆေးသုံးလိုက်တဲ့အခါ ဖြီးရလွယ်ကူပြီး ဆံသားခြောက်သွေ့ခြင်းကိုကာကွယ်ပေးတာကြောင့် ရှုပ်ပွနေတဲ့ ဆံပင်တွေကို ပုံကျလှပစေမှာဖြစ်ပါတယ်။

ဒါပေမယ့် ဆံပင်ပျော့ဆေးကို တံဆိပ်အမျိုးမျိုးနဲ့တွေ့ရတတ်တာကြောင့် အရည်အသွေးမကောင်းတဲ့ ဆံပင်ပျော့ဆေးတွေကြုံခဲ့ရင် ကောင်းကျိုးထက် ဓာတုပစ္စည်းတွေကြောင့် ဆံသားပျက်စီးတာသာအဖတ်တင် ပါလိမ့်မယ်။ ဒီလိုမဖြစ်ရအောင် အိမ်မှာပဲ လွယ်လွယ်ကူကူ ကိုယ်တိုင်ပြုလုပ်လို့ရတဲ့ သဘာဝဆံပင်ပျော့ဆေး လေးတွေ ဖော်ပြပေးလိုက်ပါတယ်။ ငွေကုန်လည်းသက်သာ၊ ဆိုင်သွားဖို့ ပေးရတဲ့အချိန်ကုန်လည်း သက်သာစေပါလိမ့်မယ်။

(၁) ကြက်ဥအနှစ်နဲ့ ဗီနီဂါ

ကြက်ဥက ဆံသားထဲမှာအစိုဓာတ်ထိန်းပေးနိုင်တဲ့ lecithin ကြွယ်ဝပါတယ်။ ဗီနီဂါက သန်း၊ ဗောက်နဲ့ တခြားဦးရေပြားပြဿနာတွေကိုပျောက်ကင်းစေနိုင်တယ်။ ဒီပစ္စည်းနှစ်မျိုးပေါင်းစပ်တဲ့ ဆံပင်ပျော့ဆေး ပြုလုပ်နည်းကတော့ ကြက်ဥ အနှစ် ၂လုံးကို ပန်းကန်လုံးထဲမှာထည့်ခေါက်ပါ။

ဗီနီဂါအဖြူ လက်ဖက်ရည်ဇွန်း ၄ ဇွန်း၊ သံလွင်ဆီ သို့မဟုတ် အုန်းဆီ ၂ ဇွန်း၊ပျားရည် ၁ ဇွန်းထည့်ပါ။ စေးပျစ်လာတဲ့အထိ မွှေခေါက်ပေးပါ။ ရလာတဲ့အနှစ်ကို ဆံပင်မှာလိမ်းပြီး ၁၅ -၂၀ မိနစ်ကြာရင် ရေဆေးချပါ။

(၂) အုန်းဆီနဲ့ပျားရည်

extra virgin coconut oil အုန်းဆီ လက်ဖက်ရည်ဇွန်း ၄ဇွန်း၊ ပျားရည် ၂ ဇွန်းကို ပန်းကန်လုံးထဲမှာ ရောမွှေပါ။ ပျစ်လာရင် ရလာတဲ့အနှစ်ကို ရေနွေးဆူဆူထည့်ထားတဲ့ပန်းကန်လုံးတစ်ခုထဲကို ထည့်ပြီးမွှေပါ။

ဒါကိုလည်း ခေါင်းမလျှော်ခင် ဆံပင်မှာ မိနစ် ၂၀ လောက်လိမ်းထားရမှာဖြစ်ပြီး ဆံပင်ကရှည်ရင်တော့ ပမာဏအတိုင်းအဆကို လိုသလို အတိုးအလျှော့လုပ်နိုင်ပါတယ်။

(၃) Cocoa Butter နဲ့ Lavender Oil

ဒီနည်းကတော့ ဆံသားပျက်စီးနေသူတွေအတွက် ပိုကောင်းပါတယ်။ Cocoa butter က ဆံသားကို အစိုဓာတ်ရစေပြီး တောက်ပြောင်လှပစေပါတယ်။ lavender oil ကတော့ ဆံပင်ကျွတ်ခြင်းကို ကုသနိုင်စွမ်းရှိလို့ နှစ်မျိုးပေါင်းစပ်တဲ့အခါ ဆံသားပြန်လည်အားဖြည့်တဲ့အာနိသင်ကောင်းတာဖြစ်ပါတယ်။

cocoa butter လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို အပူပေးထားတဲ့ပန်းကန်လုံးထဲထည့်ကာ အရည်ပျော်အောင်လုပ်ထားပါ။ almond oil ၁ ဇွန်း၊ lavender essential oil ၁၀ စက်၊ ပျားရည်အနည်းငယ်ကိုထည့်ပါ။

ကိုယ့်ဆံသားကအဆီပြန်တတ်တယ်ဆိုရင် ဒီဆေးကို ဦးရေပြားပေါ်တိုက်ရိုက်မသုံးသင့်ပါဘူး။ ဆံပင်ကိုသာလိမ်းပါ။ ၁၅မိနစ်နေမှ ခေါင်းလျှော်ပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Yun Sandi Nan Mon · 07/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။