brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

HIV ပိုးကို သဘာဝအရထိန်းချုပ်နိုင်သူများ

ဒီနေ့အချိန်ထိ HIV ရောဂါပိုးကို လုံးဝပျောက်ကင်းအောင် မကုသနိုင်သေးပေမဲ့ ဗိုင်းရပ်စ်ပိုးပမာဏ ကိုထိန်းချုပ်ပေးတဲ့ ART ဆေးတွေမှန်မှန်သောက်သုံးပြီး သက်တမ်းစေ့နေနိုင်နေပါပြီ။ ဒီဆေးကိုနေ့စဉ်မှန်မှန် သောက်သုံးခဲ့ရင် HIV ပိုးပမာဏကစစ်ဆေးလို့မရလောက်တဲ့ပမာဏအထိလျော့နည်းသွားပြီး တခြားသူကိုရောဂါထပ်မကူးစက်အောင်တောင် ထိန်းချုပ်သွားနိုင်ပါတယ်။

HIV ပိုးကို သဘာဝအရထိန်းချုပ်နိုင်သူများ

ဒီလိုအခြေအနေထိ ရောက်သွားရင်ဒါကို HIV control ရတယ် (ထိန်းချုပ်နိုင်သွားတယ်) လို့ခေါ်ဆိုနိုင်ပါပြီ။ သိပ်မကြာသေးခင်က အမေရိကန်နိုင်ငံ၊ ရာဂွန်တက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာတော့ ထူးခြားချက်တစ်ချက်ကို တွေ့ရှိခဲ့ပါတယ်။ ဒီသုတေသနအရ တချို့သော HIV ပိုးကူးစက်ခံထားရသူဟာ ART ဆေးသောက်စရာမလိုဘဲ သဘာဝအရကို ၎င်းတို့ ခန္ဓာကိုယ် ထဲမှာ HIV ပိုးကိုထိန်းချုပ်ထားနိုင်တာကိုတွေ့ရှိခဲ့ပါတယ်။

HIV ဗိုင်းရပ်စ်က ရောဂါကူးစက်ခံရတဲ့သူ ခန္ဓာကိုယ်ထဲရောက်တာနဲ့ သူ့ရဲ့ဗီဇကို ပုံစံပြောင်းပြီး လူရဲ့ဆဲလ်တွေနဲ့ပေါင်းစပ်လိုက်ပါတယ်။ ပေါင်းစပ်လိုက်တဲ့ဆဲလ်ကိုအသုံးပြုပြီး နောက်ထပ် HIV ဗိုင်းရပ်စ်တွေ ထပ်ထုတ်လုပ်ပါတယ်။ အခုလက်ရှိ HIV ဝေဒနာရှင်တွေသောက်သုံးနေရတဲ့ ART ဆေးတွေက လူ့ကိုယ်ထဲမှာ HIV ဗိုင်းရပ်စ်တွေထပ်မပွားလာအောင် ဖိနှိပ်ပစ်နိုင်စွမ်းရှိပါတယ်။

ART ဆေးသောက်သုံးနေချိန်မှာ HIV ပိုးက သူ့ရဲ့မျိုးပွားဆဲလ်တွေကို proviruses (ဗိုင်းရပ်စ်မဖြစ်ခင်အဆင့်) အနေနဲ့ လူရဲ့ DNA ထဲမှာသွားသိုလှောင်ထား ပါတယ်။ ဒါကြောင့်မို့ ဆေးတွေသောက်နေချိန်မှာပဲ ဗိုင်းရပ်စ်က ထပ်ပွားနိုင်စွမ်းမရှိတာဖြစ်ပြီး ဆေးသောက်ရပ်လိုက်တာနဲ့အချိန်တိုအတွင်း ပြန်ပွားနိုင်စွမ်းရှိပါတယ်။

ကမ္ဘာပေါ်မှာလက်ရှိအချိန်ထိ HIV ပိုးကူးစက်ခံထားရသူပေါင်း သန်း (၄၀) ဝန်းကျင်ရှိနေပါတယ်။ ဒီအထဲက ဝ.၅% သောသူတွေကဆေးသောက်စရာမလိုဘဲ သဘာဝအလျောက်ကို HIV ကိုထိန်းထားနိုင်စွမ်းရှိနေကြောင်း သိပ္ပံပညာရှင်တွေသိရှိထားပြီး ဒီလိုလူတွေကို Elite controllers လို့သတ်မှတ်ပါတယ်။ Elite controllers တွေမှာ ဘာ့ကြောင့် HIV ပိုးထပ်မပွားနိုင်သလဲဆိုတဲ့အချက်ကိုရှင်းပြဖို့အတွက် မျိုးရိုးဗီဇအကြောင်း နည်းနည်းလောက်အရင် ပြောပြချင်ပါတယ်။

သက်ရှိသတ္တဝါတိုင်းရဲ့ ခန္ဓာကိုယ်ကို ဆဲလ်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားပြီး ဆဲလ်တစ်လုံးစီတိုင်းမှာ တစ်ယောက်ချင်းစီရဲ့ မျိုးရိုးဗီဇလက္ခဏာသွင်ပြင်တွေကို ပုံဖော်ပေးတဲ့ ခရိုမိုဆုန်းတွေပါဝင်ပါတယ်။ (ခရိုမိုဆုန်းတွေက အပ်ချည်မျှင်လေးတွေနဲ့ပုံစံဆင်တူပါတယ်) ခရိုမိုဆုန်းတစ်ခုချင်းစီကို ပရိုတင်းဓာတ်နဲ့ DNA မော်လီကျူးတစ်လုံးစီပါဝင်ဖွဲ့စည်းထားပါတယ်။ ကိုယ်ခန္ဓာကလိုအပ်တဲ့ဆဲလ်တွေထုတ်လုပ်ဖို့အတွက် ခရိုမိုဆုန်းထဲက DNA ကို RNA ဖြစ်အောင်ပြောင်းလဲပေးရပါတယ်။

HIV ဗိုင်းရပ်စ်ကလည်း မျိုးပွားဖို့အတွက် RNA အဖြစ်ပြောင်းလဲဖို့ လိုအပ်တဲ့အတွက် ရောဂါရှိသူရဲ့ဆဲလ်ကိုဝင်ပေါင်းပြီး မျိုးပွားပါတယ်။ အပ်ချည်မျှင်လို ရှည်မျောမျောပုံစံ ခရိုမိုဆုန်းမှာ အစိတ်အပိုင်းအမျိုးမျိုးပါဝင်ပြီး ဒီအထဲမှာ gene desert လို့ခေါ်တဲ့အစိတ်အပိုင်း လည်းပါပါတယ်။ HIV ဗိုင်းရပ်စ်ပွားမလာအောင်သဘာဝတိုင်းထိန်းချုပ်နိုင်တဲ့ elite controllers တွေရဲ့ ခရိုမိုဆုန်းကိုလေ့လာကြည့်တဲ့အခါမှာ HIV DNA ကို gene desert အပိုင်းထဲမှာသိုလှောင်ထားနိုင်တာကိုတွေ့ ရှိခဲ့ပါတယ်။

Gene desert အပိုင်းဆိုတာက ခရိုမိုဆုန်းမှာ အလုပ်မလုပ်တဲ့အစိတ်အပိုင်းဖြစ်ပါတယ်။ ဆိုလိုတာက ဒီထဲမှာ သိုလှောင်ထားတဲ့ DNA တွေကို RNA အဖြစ်ပြောင်းလဲနိုင်ခြင်းမရှိတဲ့အတွက် gene desert ထဲမှာရှိတဲ့ DNA တွေက နောက်ထပ်ပွားနိုင်ခြင်းမရှိတော့ပါဘူး။

မျိုးပွားနိုင်စွမ်းကောင်းတဲ့ HIV လိုဗိုင်းရပ်စ်မျိုးကို gene desert ထဲထည့်ပိတ်ထားနိုင်လိုက်တဲ့အတွက် ဆေးသောက်သည်ဖြစ်စေ မသောက်သည်ဖြစ်စေ ဗိုင်းရပ်စ်က နောက်ထပ်ပွားနိုင်စွမ်းမရှိတော့ပါဘူး။

ဗိုင်းရပ်စ်ကိုထပ်မပွားနိုင်အောင် ပိတ်ဆို့ပြီး DNA ထဲမှာသိုလှောင်ထားလိုက်တဲ့ အတွက် သိပ္ပံပညာရှင်တွေကတော့ ဒီလိုဖြစ်စဉ်ကို Block and Lock Mechanism (ပိတ်ဆို့သိုလှောင်ဖြစ်စဉ်) လို့နာမည်ပေးထားကြပါတယ်။

Elite controller တွေမှာဘာ့ကြောင့် HIV DNA တွေကို ပုံမှန်မဟုတ်တဲ့ gene desert လိုနေရာမှာ သိုလှောင်ထားနိုင်သလဲဆိုတဲ့အချက်ကိုတော့ ဆက်ပြီးအသေးစိတ်လေ့လာမှုတွေ ပြုလုပ်ဖို့လိုအပ်နေဆဲပါပဲ။

သုတေတနအသစ်ဖြစ်တာကြောင့် ပိုပြီးတိကျအောင်လုပ်ဆောင်စရာတွေလည်း ရှိနေနိုင်ပါသေးတယ်။ ဒါပေမဲ့ ဒါဟာ HIV ရောဂါကိုလုံးဝပျောက်ကင်းအောင် ကုသနိုင်ရေးအတွက် နောက်ထပ်အရေးပါတဲ့ တွေ့ရှိမှုတစ်ခုဖြစ်တယ်ဆိုတဲ့အကြောင်း ပြောရင်းနိဂုံးချုပ်အပ်ပါတယ်။

Dr. Htoo Tint

Dr. Phyo Wai Lynn
Dr. Phyo Wai Lynn
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Thiha Phyo Myint · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။