brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

ဆေးရုံ က ကူးတဲ့ ရောဂါများ

ဆေးရုံ က ကူးတဲ့ ရောဂါကို ဆေးပညာအရ nosocomial infectionလို့ ခေါ်ပါတယ်။ Health-care associated infections ဒါမှမဟုတ် hospital-acquired infectionsလို့လဲ ခေါ်ပါတယ်။ ဒီလို ရောဂါမျိုးက ဆေးရုံရဲ့ အထူးကြပ်မတ်ကုသဆောင်မှာ အတွေ့ရများပါတယ်။ နောက်ပြီး ဒီရောဂါက လူနာကို အထိအခိုက်များစေသလို အသေအပျောက်များစေပါတယ်။

ဆေးရုံ က ကူးတဲ့ ရောဂါများ

ဆေးရုံမှာ တွေ့ရတဲ့ ပိုးတွေက ပိုပြီး ပြင်းထန်ပြီး ဆေးယဉ်ပါးနေသလို ဆေးရုံက ကူးတဲ့ ရောဂါတွေကလည်း ပိုပြီးများလာပါတယ်။ ကံကောင်းတာက ဒီရောဂါတွေက ကာကွယ်လို့ရနေတာပါပဲ။ ဒီရောဂါပိုးကို ဘယ်သူတွေ ပိုကူးစက်နိုင်လဲ။ဘယ်လို ကာကွယ်လို့ရသလဲဆိုတာ ဆက်ပြီး ပြောပြပေးပါမယ်။

ဆေးရုံ က ကူးတဲ့ ရောဂါပိုးရဲ့ လက္ခဏာတွေက ဘာတွေလဲ။

ရောဂါပိုးတစ်ခုက ဆေးရုံက ကူးတယ်လို့ ပြောဖို့အတွက်

  • ဆေးရုံတက်ပြီး ၄၈နာရီ အတွင်း ဖြစ်ရမယ်။
  • ဆေးရုံကနေဆင်းပြီး ၃ရက်အတွင်း ဖြစ်ရမယ်။
  • ဆေးရုံမှာ ခွဲစိတ်ကုသပြီး ရက် ၃၀အတွင်း ဖြစ်ရမယ်။
  • ရောဂါပိုး တစ်ခုခုကြောင့် မဟုတ်ဘဲ တခြားအကြောင်းရင်းနဲ့ ဆေးရုံတက်ပြီး ပိုးဝင်တာမျိုး ဖြစ်ရပါမယ်။

ဆေးရုံကကူးတဲ့ ရောဂါပိုးတွေထဲမှာ အတွေ့ရများတာကတော့

ရောဂါလက္ခဏာတွေကတော့

  • အနာက ပြည်တည်တာ
  • ဖျားတာ
  • ချောင်းဆိုးတာ၊ မောတာ
  • ဆီးပူတာ၊ ဆီးသွားရခက်တာ
  • ခေါင်းကိုက်တာ
  • ပျို့တာ၊ အန်တာ၊ ဝမ်းလျှောတာ

ဆေးရုံတက်နေတုန်းမှာ ပိုးကူးခံရတယ်ဆိုရင် ပိုးဝင်တဲ့နေရာမှာ နာတာ၊ သက်တောင့်သက်တာ မဖြစ်တာ ခံစားရမှာပါ။ တော်တော်များများမှာ လက္ခဏာတွေက သိသာပါတယ်။

ဘာလို့ ဆေးရုံ ကနေ ရောဂါပိုးတွေ ကူးခံရတာလဲ။

ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုပိုးတွေက ဆေးရုံကနေကူးစက်နိုင်တဲ့ ရောဂါပိုးတွေ ဖြစ်ပါတယ်။ ဘက်တီးရီးယား တစ်မျိုးကပဲ ၉၀ရာခိုင်နှုန်း ရောဂါဖြစ်စေပါတယ်။ ခုခံအားကျနေတဲ့သူတွေဆိုရင် ပိုပြီး ဖြစ်နိုင်ချေများပါတယ်။ အဖြစ်များတဲ့ ဘက်တီးရီးယားတွေကတော့

Staphylococcus aureus – သွေးဆိပ်သင့်တာ

Escherichia coli – ဆီးပိုးဝင်တာ

Enterococci – သွေးဆိပ်တက်တာ၊ ဆီးပိုးဝင်တာ၊ အနာပိုးဝင်တာ

Pseudomonas aeruginosa – ကျောက်ကပ်ပိုးဝင်တာ၊ ဆီးပိုးဝင်တာ၊ အသက်ရှူလမ်းကြောင်းပိုးဝင်တာ

ဒီရောဂါပိုးတွေက လူတစ်ယောက်နဲ့ တစ်ယောက် ထိတွေ့ရာမှ ကူးနိုင်ပါတယ်။ ဒီအချက်တွေထဲမှာ လက်မသန့်တာ၊ ဆေးရုံမှာ သုံးတဲ့ ပစ္စည်းတွေ မသန့်တာ၊ တခြားဆေးပစ္စည်းတွေကနေ ကူးတာ များပါတယ်။ ပိုးသတ်ဆေးတွေကို အလွန်အကျွံသုံးရာကနေလဲ ဖြစ်နိုင်ပါသေးတယ်။ နောက်ပိုင်းကျရင် ဆေးယဉ်ပါးပိုးတွေများလာပြီး ကုရခက်တာတွေလည်း ဖြစ်နိုင်ပါသေးတယ်။

ဘယ်သူတွေ ပိုဖြစ်နိုင်လဲ။

ဆေးရုံတက်တဲ့ ဘယ်သူမဆို ရောဂါပိုး ကူးစက်နိုင်တဲ့ အခွင့်အရေး ရှိပါတယ်။ တချို့ ဘက်တီးရီးယားတွေကတော့

  • သင်နဲ့ အတူနေတဲ့ ဆေးရုံအခန်းဖော်ရဲ့ အခြေအနေ
  • အသက် ၇၀အထက်တွေ
  • ပိုးသတ်ဆေးသုံးတာ ကြာချိန်
  • ဆီးပိုက်တပ်ထားခြင်း ရှိမရှိ
  • အထူးကြပ်မတ်ကုသဆောင်မှာ အနေကြာတာ
  • ကိုမာဝင်နေတာ
  • ရှော့ရဖူးတာ
  • ထိခိုက်ဒဏ်ရာရထားတာ
  • ခုခံအားကျနေတာ စတဲ့ အချက်တွေပေါ်မူတည်ပြီး ရောဂါပိုးဝင်တတ်ပါတယ်။

ဆေးရုံကနေ ရောဂါပိုးတွေ မဝင်အောင် ဘယ်လိုကာကွယ်ကြမလဲ။

  • အထူးကြပ်မတ်ကုသဆောင်မှာ ရောဂါပိုးဝင်နိုင်တဲ့ သူတွေကို သီးသန့်ခွဲထားတာမျိုး
  • လူနာတွေကို မကိုင်ခင်နဲ့ ကိုင်အပြီးမှာ လက်ဆေးတာမျိုး
  • လက်အိတ်စွပ်တာ၊ အကာဝတ်တာ၊ မျက်နှာကို ကာတာမျိုး
  • ဆေးရုံမှာ သန့်ရှင်းရေး လုပ်တာမျိုး
  • အခန်းတွေကို လေဝင်လေထွက်ကောင်းအောင် ထားတာမျိုး
  • လူနာတွေ အနေနဲ့လည်း လက်ကို သေချာဆေးတာမျိုး လုပ်ရပါမယ်။
Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Htet Htet Zaw Win · 06/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။