ကိုဗစ်ရဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ မျက်စိနာခြင်း

ကိုဗစ်ရဲ့ လက္ခဏာများ
ကိုဗစ်ရဲ့ အတွေ့ရများတဲ့ လက္ခဏာတွေကတော့
- အဖျားတက်တာ
- ချောင်းခြောက်ဆိုးတာ
- ပင်ပန်းနွမ်းနယ်တာပါ။
ဒါပေမယ့် ကိုဗစ်ဖြစ်လာပြီဆိုရင် ဒီလက္ခဏာတွေအပြင်
- ကြွက်သားတွေ ကိုက်ခဲတာ၊ နာကျင်တာ
- လည်ချောင်းနာတာ
- ဝမ်းလျှောတာ
- မျက်စိနာတာ
- ခေါင်းကိုက်တာ
- အနံ့၊ အရသာ ပျောက်တာ
- အရေပြားမှာ အနီကွက်တွေ ထွက်တာ
- ခြေချောင်း၊ လက်ချောင်းလေးတွေ အရောင်ပြောင်းလာတာမျိုးတွေပါ ခံစားရနိုင်ပါတယ်။
အပြင်းထန်ဆုံး လက္ခဏာ အနေနဲ့ကတော့
- အသက်ရှူရခက်လာတာ
- အသက်ရှူတာ ပြတ်တောင်း ပြတ်တောင်းဖြစ်တာ
- ရင်ဘတ်အောင့်တာ
- စကားမပြောနိုင်တော့တာ
- မလှုပ်ရှားနိုင်တော့တာမျိုးတွေ ခံစားရနိုင်ပါတယ်။
တကယ်လို့ အခုပြောခဲ့တဲ့ လက္ခဏာတွေထဲက တစ်မျိုး ဒါမှမဟုတ် တစ်မျိုးနဲ့အထက် ခံစားနေရတယ်ဆိုရင် နီးစပ်ရာ Fever Clinic ကို ဆက်သွယ်ပြီး လိုအပ်တဲ့ ကုသမှုတွေကို ခံယူဖို့ လိုပါမယ်။
များသောအားဖြင့်ကတော့ ရောဂါပိုး ကူးစက်ခံရပြီး ၅ ရက်ကနေ ၆ ရက်မှာ လက္ခဏာတွေ စပြတတ်ပါတယ်။ ၁၄ ရက်ကြာမှ လက္ခဏာပေါ်လာတာမျိုးလည်း ရှိပါတယ်။
မျက်စိနာတာ ကိုဗစ်လား………..
အခုထိ တွေ့ရှိခဲ့တဲ့ အချက်အလက်တွေအရကတော့ ကိုဗစ်ပိုး ကူးစက်ခံရသူတွေရဲ့ ၁ ရာခိုင်းနှုန်းကနေ ၃ ရာခိုင်နှုန်းလောက်က မျက်စိနာကြပါတယ်။ အကြောင်းကတော့ ကိုဗစ်ဗိုင်းရပ်စ်က မျက်လုံးထဲမှာရှိတဲ့ မျက်ခွံအတွင်းသားကို ဝင်ရောက်ကူးစက်တာကြောင့်ပါ။ လက္ခဏာတွေ အနေနဲ့ကတော့
- မျက်လုံးနီတာ
- ရောင်တာ
- ယားယံတာတွေ ခံစားရနိုင်ပါတယ်။
မျက်စိနာပြီဆိုတာနဲ့ ကိုဗစ်ဖြစ်နေပြီလို့တော့ မဆိုသာပါဘူး။ မျက်စိနာရတဲ့ အကြောင်းအရင်းက ကိုဗစ်ဗိုင်းရပ်စ်ကြောင့်အပြင် အခြားသော ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယား၊ ဓာတုပစ္စည်းတွေ နဲ့ ဓာတ်မတည့်မှုတွေကြောင့်လည်း မျက်စိနာနိုင်ပါတယ်။