အိမ်မှာနေရင်းပဲဖြစ်ဖြစ် သွားရင်းလာရင်းပဲဖြစ်ဖြစ် မတော်တဆထိခိုက်ဒဏ်ရာရတာမျိုးတွေ၊ အပူလောင်တာ၊ ဓာတ်မတည့်တာမျိုးတွေ၊ ပိုးကောင်ကိုက်ခံရတာနဲ့ အခြားထိခိုက်ဒဏ်ရာဖြစ်တာမျိုးတွေကြုံတွေ့ရနိုင်ပါတယ်။ ဒီလိုထိခိုက်ဒဏ်ရာရတဲ့အခါမြန်မြန်ဆန်ဆန် ကုစားနိုင်ဖို့အတွက်နေအိမ်မှာရော၊ ကားပေါ်မှာပါ အရေးပေါ်ဆေးသေတ္တာတွေဆောင်ထားသင့်ပါတယ်။ အဲလိုထားရှိခြင်းက ထိခိုက်ဒဏ်ရာရရှိခြင်းတွေကို အလျင်အမြန်သက်သာစေနိုင်ပြီး မလိုလားအပ်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်းလျှော့ချနိုင်ပါတယ်။
နေအိမ်က အရေးပေါ်ဆေးသေတ္တာထဲမှာဘာတွေထည့်ထားမလဲ
တစ်ခါသုံးအပျော့စားရော်ဘာလက်အိတ်
အနာတွေထဲကို ရောဂါပိုးတွေနဲ့ အညစ်အကြေးတွေ မဝင်ရောက်စေအောင်ကာကွယ်ဖို့အတွက်ပါ။ အသုံးပြုပြီးတိုင်းမှာလည်း အသစ်လဲဖို့မမေ့ပါနဲ့။
အရက်ပြန်
အနာကို သုတ်သင်ဆေးကြောဖို့ပါ။ ဒါမှမဟုတ်လည်း အနာထဲကပစ္စည်းတွေကိုဖယ်ရှားရာမှာ အသုံးပြုတဲ့ဇာဂနာကို ပိုးသတ်ဖို့အတွက်ပါ။
အရက်ပြန်စွတ်ထားတဲ့ ဂွမ်း
အနာကို ဆေးကြောဖို့နဲ့ အနာဝန်းကျင်မှာ ရှိနေနိုင်တဲ့ပိုးတွေကို ဖယ်ရှားဖို့ပါ။
ပတ်တီးအရွယ်အစားအမျိုးမျိုး
အနာကို ပြင်ပအရာဝတ္ထုတွေမဝင်ရောက်နိုင်အောင် ကာကွယ်ဖို့ပါ။ ပိုးမဝင်အောင်လည်းကာကွယ်ပေးပါတယ်။ ဒဏ်ရာအမျိုးမျိုးအတွက် အသုံးပြုနိုင်ဖို့ ပတ်တီးအရွယ်အစားမျိုးစုံ ထည့်ပေးထားသင့်ပါတယ်။
ပလာစတာ
အသေးစားထိခိုက်ရှနာတွေကို ကပ်ဖို့ပါ။ ရေစိုခံပလာစတာနဲ့ ရိုးရိုးပလာစတာတွေထည့်ထားဖို့လိုအပ်ပါတယ်။ ပလာစတာတွေက ထိခိုက်ဒဏ်ရာတွေကိုပြင်ပက ပိုးမွှားတွေမဝင်လာစေဖို့နဲ့ အနာကျက်မြန်စေဖို့အတွက် အရမ်းအသုံးဝင်ပါတယ်။
ပိုးသတ်ထားတဲ့ဆေးပါပြီးသား ပလာစတာ
အပူလောင်နာတွေ၊ ကုတ်ခြစ်ဒဏ်ရာတွေနဲ့ အကြီးစားပြတ်ရှတွေမှာအသုံးပြုနိုင်စေဖို့ပါ။ ဒီပလာစတာတွေကသွေးတိတ်အောင်လုပ်ပေးပါတယ်။
အပူလောင်ဒဏ်ရာတွေကိုလူးဖို့ ဂျယ်လ်တစ်မျိုးမျိုး
ရှားစောင်းလက်ပပ်ဂျယ်လ်လိုမျိုး အပူလောင်ဒဏ်ရာတွေကို လူးဖို့ဂျယ်လ်တစ်မျိုးမျိုးထည့်ထားဖို့လည်းလိုပါတယ်။
စက္ကူတိတ်
အနာကို ပတ်တီးစည်းပြီးတဲ့အခါ ကပ်ဖို့အတွက်ပါ။ အချို့အသေးစားဒဏ်ရာတွေမှာဆိုရင်လည်း အနာကိုဂွမ်းအုပ်ပြီး အပေါ်ကနေကပ်ထားပေးလို့ရပါတယ်။
ကတ်ကြေး
ပတ်တီး၊ တိတ်နဲ့ ညှပ်ဖို့လိုအပ်တဲ့အရာတွေကို ညှပ်ဖို့အတွက်ပါ။
ဇာဂနာ
အနာထဲက အစအနတွေ၊ အမှိုက်စတွေ၊ဖန်ကွဲစတွေနဲ့ပြင်ပအရာဝတ္ထုတွေကိုဖယ်ရှားဖို့ပါ။
Hydrocortisone Cream
ပိုးကောင်တွေကိုက်တာကြောင့်ဖြစ်တဲ့ ယားယံတာနဲ့ ပျားတုပ်ခံရတာကြောင့် နာကျင်ယားယံတာတွေကို သက်သာစေဖို့အတွက်လူးပေး ဖို့ပါ။
တွယ်ချိတ်
ဒူးတွေ၊ လက်ကောက်ဝတ်တွေနဲ့ အဆစ်တွေမှာထိခိုက်ဒဏ်ရာရတဲ့အခါ ပတ်တီးစည်းပြီးရင် ပတ်တီးပြေမသွားအောင်ချိတ်ထားနိုင်ဖို့အတွက်ပါ။
အဖျားတိုင်းကိရိယာ
အဖျားရှိ၊မရှိ သိရှိအောင်လုပ်ဆောင်နိုင်ဖို့အတွက်ပါ။
ပဋိဇီဝဆေးတစ်မျိုးမျိုး
ထိခိုက်ရှနာဒဏ်ရာတွေကို ပိုးမဝင်အောင် လူးဖို့အတွက်ဖြစ်ပါတယ်။
အဖျားကျဆေး
ပါရာစီတမောလိုမျိုး ဖျားနာမှုတွေအတွက်သောက်သုံးလို့ရမယ့်ဆေးမျိုးပါ။
ချောင်းဆိုးပျောက်ဆေး
ချောင်းဆိုးတာကို သက်သာအောင်သောက်သုံးနိုင်ဖို့ပါ။
ဒဏ်ကြေလိမ်းဆေး
ညောင်းညာကိုက်ခဲတာ၊ အဆစ်အမြစ်နာကျင်တာတွေသက်သာစေဖို့အတွက် လူးပေးနိုင်ဖို့ဖြစ်ပါတယ်။ ပရုတ်ဆီ၊ ရာပန်းဆီနဲ့ဆေးမြစ်စုံလိမ်းဆေးရည်တွေဆောင်ထားလို့လည်းရပါတယ်။
ဒီဖော်ပြထားတဲ့ပစ္စည်းတွေအပြင် အခြားကိုယ်နဲ့အသုံးတည့်မယ့်ပစ္စည်းလေးတွေကိုလည်း ဘူးခွံတစ်ခုထဲမှာ သပ်သပ်ရပ်ရပ်စုထည့်ထားပြီး အလွယ်တကူယူလို့ရမယ့်နေရာတစ်ခုမှာထားထားပေးရမှာဖြစ်ပါတယ်။ ကိုယ်တိုင်ဖြစ်ဖြစ် မိသားစုဝင်တစ်ဦးမှာဖြစ်ဖြစ် ထိခိုက်ဒဏ်ရာရတဲ့အခါ အလွယ်တကူအသုံးပြုနိုင်စေဖို့ဖြစ်ပါတယ်။
ကားပေါ်မှာထားမယ့် အရေးပေါ်ဆေးသတ္တာထဲမှာထည့်ထားသင့်တဲ့အရာတွေ
လက်သန့်ဆေးရည် (သို့မဟုတ်) လက်အိတ်
အနာကို ပိုးမဝင်ရောက်စေအောင်ကာကွယ်တဲ့အနေနဲ့ အနာကိုမကိုင်ခင်လက်သန့်စင်ဖို့ပါ။ လက်နဲ့ကိုင်ရမှာအဆင်မပြေရင် လက်အိတ်စွပ်ပြီးကိုင်လို့လည်းရပါတယ်။
အရက်ပြန်
အနာကို သန့်စင်နိုင်ဖို့ပါ။
အရက်ပြန်စွပ်ထားတဲ့ဂွမ်း
အနာကို သန့်စင်ဖို့နဲ့ အနာကိုကိုင်တွယ်ရာမှာအသုံးပြုမယ့် ဇာဂနာလိုမျိုး ကိရိယာတွေကို ပိုးသတ်ဖို့ပါ။
ပလာစတာ
အသေးစား ထိခိုက်ရှနာဒဏ်ရာတွေမှာ ပိုးမဝင်အောင်နဲ့ အနာမရင်းအောင် ကပ်ထားဖို့ပါ။
ပတ်တီး အမျိုးမျိုး
အနာကို ပိုးမဝင်အောင်အုပ်ထားဖို့နဲ့ အနာကျက်စေနိုင်ဖို့ပါ။ ပတ်တီးစည်းထားတာက အနာမရင်းစေအောင် အထောက်အပံ့ရသလို အနာထဲကိုပြင်ပအရာဝတ္ထုတွေမဝင်ရောက်နိုင်အောင်လည်းကာကွယ်ပေးပါတယ်။
Hydrocortisone Cream
ပိုးကောင်တွေ ကိုက်တာကြောင့်ဖြစ်တဲ့ယားယံတာနဲ့ ပျားတုပ်ခံရတာကြောင့် နာကျင်ယားယံတာတွေကို သက်သာစေဖို့အတွက်လူးပေး ဖို့ပါ။
ဒူးတွေ၊ လက်ကောက်ဝတ်တွေနဲ့ အဆစ်တွေမှာထိခိုက်ဒဏ်ရာရတဲ့အခါ ပတ်တီးစည်းပြီးရင် ပတ်တီးပြေမသွားအောင်ချိတ်ထားနိုင်ဖို့အတွက်ပါ။
အဖျားတိုင်းကိရိယာ
အဖျားရှိ၊မရှိ သိရှိအောင်လုပ်ဆောင်နိုင်ဖို့အတွက်ပါ။
ဇာဂနာ
ထိခိုက်မိတဲ့ဒဏ်ရာထဲက အမှိုက်စတွေ၊ဖန်ကွဲစတွေနဲ့အခြားပြင်ပအရာဝတ္ထုတွေကို ဖယ်ရှားဖို့ပါ။
ပဋိဇီဝဆေးတစ်မျိုးမျိုး
ထိခိုက်ရှနာဒဏ်ရာတွေကို ပိုးမဝင်အောင် လူးဖို့အတွက်ဖြစ်ပါတယ်။
အဖျားကျဆေး
ပါရာစီတမောလိုမျိုး ဖျားနာမှုတွေအတွက်သောက်သုံးလို့ရမယ့်ဆေးမျိုးပါ။
ချောင်းဆိုးပျောက်ဆေး
ချောင်းဆိုးတာကို သက်သာအောင်သောက်သုံးနိုင်ဖို့ပါ။
ဒဏ်ကြေလိမ်းဆေး
ညောင်းညာကိုက်ခဲတာ၊ အဆစ်အမြစ်နာကျင်တာတွေသက်သာစေဖို့အတွက် လူးပေးနိုင်ဖို့ဖြစ်ပါတယ်။ ပရုတ်ဆီ၊ရာပန်းဆီနဲ့ဆေးမြစ်စုံလိမ်းဆေးရည်တွေဆောင်ထားလို့လည်းရပါတယ်။
Chemical “Instant” Ice Pack
ဓာတုစ္စည်းတွေနဲ့လုပ်ထားတဲ့ ချိုးလိုက်ရင်အေးခဲသွားတဲ့ အရန်သင့်သုံးရေခဲအိတ်ကိုပြောချင်တာပါ။ အနာကသွေးမတိတ်တဲ့အခါမျိုးမှာသွေးတိတ်အောင်ကပ်ပေးလို့ရပါတယ်။
ဓာတ်မတည့်မှုတွေအတွက်သောက်ဆေး
ဘာမီတွန်လိုမျိုး အရေပြားမှာ ဓာတ်မတည့်မှုကြောင့်အဖုအပိမ့်တွေဖြစ်ရင်သောက်လို့ရတဲ့ဆေးတစ်မျိုးမျိုးကိုဆိုလိုချင်တာပါ။
စက္ကူတိတ်
အနာကို ပတ်တီးစည်းပြီးတဲ့အခါ ကပ်ဖို့အတွက်ပါ။ အချို့အသေးစားဒဏ်ရာတွေမှာဆိုရင်လည်း အနာကိုဂွမ်းအုပ်ပြီး အပေါ်ကနေကပ်ထားပေးလို့ရပါတယ်။
ကတ်ကြေး
ပတ်တီး၊ တိတ်နဲ့ ညှပ်ဖို့လိုအပ်တဲ့အရာတွေကို ညှပ်ဖို့အတွက်ပါ။
အပူလောင်ဒဏ်ရာတွေကိုလူးဖို့ ဂျယ်လ်တစ်မျိုးမျိုး
ရှားစောင်းလက်ပပ်ဂျယ်လ်လိုမျိုး အပူလောင်ဒဏ်ရာတွေကို လူးဖို့ဂျယ်လ်တစ်မျိုးမျိုးထည့်ထားဖို့လည်းလိုပါတယ်။
ပလပ်စတစ်အိတ်အလွတ်တွေ
သွားရင်းလာရင်းထိခိုက်မိတဲ့ဒဏ်ရာတွေကိုဆေးကြောသန့်စင်ရာမှာသုံးလိုက်တဲ့ဂွမ်းစတွေနဲ့ အခြားအရာဝတ္ထုတွေကို ထည့်ပြီး အမှိုက်ပုံးထဲပစ်ဖို့ပါ။
တစ်ရှုးအစို
ရေမရှိတဲ့ အလွယ်တကူမရနိုင်တဲ့အခြေအနေမျိုးမှာ အနာကို သန့်စင်နိုင်ဖို့အတွက်ဖြစ်ပါတယ်။
လက်နှိပ်ဓါတ်မီးနဲ့ ဓာတ်ခဲအပို
ထိခိုက်ဒဏ်ရာကိုကြည့်ရှုနိုင်ဖို့ဖြစ်ပါတယ်။
ဒီဆေးတွေနဲ့ လိုအပ်မယ့်ပစ္စည်းကိရိယာလေးတွေကို ဗူးအလွတ်တစ်ခုထဲကိုထည့်ပြီး ကားနောက်ခန်းထဲမှာဖြစ်ဖြစ် ဒါမှမဟုတ် ထားလို့အဆင်ပြေမယ့်နေရာတစ်ခုခုမှာထည့်ထားပေးလို့ရပါတယ်။
နေအိမ်မှာဖြစ်ဖြစ် ကားပေါ်မှာဖြစ်ဖြစ် အရေးပေါ်ဆေးသေတ္တာလေးတွေဆောင်ထားတာက ထိခိုက်ဒဏ်ရာရတဲ့အခါမြန်မြန်ဆန်ဆန်ကုစားနိုင်ပြီး အနာကိုပိုးမဝင်အောင်ကာကွယ်နိုင်တဲ့အပြင် မလိုလားအပ်တဲ့နောက်ဆက်တွဝြေဒနာတွေမဖြစ်အောင်လည်း ကာကွယ်ပြီးသားဖြစ်မှာပါ။ အမှန်တကယ်လိုအပ်တဲ့ဆေးသေတ္တာလေးတွေကို နေအိမ်မှာရော ကားပေါ်မှာ မိသားစုများဆောင်ထားသင့်ပါကြောင်း။