brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

Diet Drink တွေသောက်နေလား၊ သတိထားနော် လေဒီ

အခုနောက်ပိုင်းခေတ်စားလာတဲ့အလေ့အထတစ်ခုက ခန္ဓာကိုယ်လှပဖို့ Gymဆော့ကြတာပါ။ Gymဆော့တာက ကျန်းမာရေးအတွက်အကျိုးပြုတဲ့လုပ်ဆောင်မှုတစ်ခုပေါ့။ ဒါပေမယ့်ပြောစရာရှိနေတာက Gymဆော့ပြီးတဲ့အခါ အချိုရည်တွေသောက်ကြတာပါ။ ဝိတ်ကျဖို့ Gymဆော့နေတဲ့သူတွေဆိုရင် ဝိတ်ကျချင်တာကြောင့် Diet Drinkတွေကိုသောက်မိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ Diet Drinksသောက်နေတဲ့လေဒီတွေအတွက် သိထားဖို့လိုမယ့် အချက်လေးတစ်ခုပြောပြပေးပါရစေနော်။

Diet Drink တွေသောက်နေလား၊ သတိထားနော် လေဒီ

Diet Drinks ဆိုတာက

အချိုရည်တစ်မျိုးဖြစ်ပြီးပြုပြင်ထားတဲ့ အချိုဓာတ်ထည့်သွင်းထုတ်လုပ်ထားတာပါ။ အဆီဓာတ်ပါဝင်မှုမရှိတာကြောင့် ကိုယ်အလေးချိန်ကျမှာကိုတော့ ပူစရာမလိုဘူးပေါ့။ အချိုဓာတ်ပါဝင်မှုကလည်း နည်းပါတယ်။ ဝိတ်ကျချင်တဲ့သူတွေအတွက်တော့ အဆင်ပြေတဲ့သောက်စရာတစ်ခုပေါ့။

Diet Drinkကြောင့် ဒါတွေဖြစ်နိုင်ပါတယ်

မကြာသေးခင်က လုပ်ခဲ့တဲ့လေ့လာမှုအရ Diet Drinkတွေမှာပါတဲ့ ပြုပြင်ထားတဲ့ အချိုဓာတ်တွေကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါခံစားရနိုင်ပါတယ်။ ဒါတင်မကပါဘူး။ Diet Drinksသောက်တဲ့လေဒီတွေဟာသွေးဆုံးပြီးချိန်မှာ လေဖြတ်တာ၊ နှလုံးရောဂါခံစားရနိုင်ခြေပိုများနေသလို သေဆုံးနိုင်ခြေကလည်း အခြားသူတွေထက်ပိုများနေတယ်လို့ သိရပါတယ်။ Diet Drinksတွေကို ၁၀ နှစ်ကျော်ကြာစွဲသောက်တဲ့လေဒီတွေဟာသွေးဆုံးပြီးနောက်ပိုင်းကာလတွေမှာသွေးကြောလေးတွေ ပိတ်ဆို့တာကြောင့် နှလုံးရောဂါခံစားရနိုင်သလို၊လေဖြတ်တာလိုမျိုး နာတာရှည်ရောဂါတွေကိုလည်း ခံစားရနိုင်ပါတယ်။

Diet Drinkတွေကသွေးကြောတွေထဲမှာ အနယ်အနှစ်တွေဖြစ်စေပြီးသွေးကြောကျဉ်းတာ၊သွေးကြောပိတ်တာတွေဖြစ်စေနိုင်တာကြောင့်လေဖြတ်ဝေဒနာခံစားရနိုင်ခြေကို ပိုများစေနိုင်ပါတယ်။ ဒီလေ့လာမှုကိုလုပ်ဆောင်ခဲ့တဲ့ ဒေါက်တာMossavar-Rahmani နဲ့ သူ့ရဲ့ အဖွဲ့ကတော့ Diet Drinksတွေက နှလုံးကျန်းမာရေးအပေါ် တိုက်ရိုက်ထိခိုက်စေတာမျိုး မရှိပေမယ့် Diet Drinksသောက်သုံးမှုကို ကန့်သတ်လိုက်ခြင်းက နှလုံးအပါအဝင်ကျန်းမာရေးကောင်းစေဖို့ အထောက်အကူပြုပေးနိုင်တယ်၊လို့တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ အမောပြေစေဖို့နဲ့ လန်းဆန်းစေဖို့ Diet Drinksတွေအစား ရိုးရိုးရေကိုပဲသောက်သုံးပေးတာအသင့်တော်ဆုံးပါ။

လေ့လာမှုအတွင်း သွေးဆုံးပြီး အမျိုးသမီး ၈၁၇၁၄ ဦးကို ၁၁ နှစ်ကျော်ကြာလေ့လာခဲ့ပါတယ်။လေ့လာမှုအတွင်း နေ့စဉ်လေ့လာမှုမှာပါဝင်သူတွေရဲ့ ကျန်းမာရေးအခြေအနေကို စစ်ဆေးခဲ့ပါတယ်။လေ့လာမှုမှာ ပါဝင်သူတွေက ကယ်လ်လိုရီနည်းတဲ့ ကိုလာ၊ ဆိုဒါနဲ့ သစ်သီးဖျော်ရည်တွေကိုသောက်သုံးခဲ့ကြပါတယ်။လေ့လာမှုမှပါဝင်သူတွေဟာဆေးလိပ်သောက်တတ်လားဆိုတာနဲ့ သွေးတိုးရောဂါအခံရှိနေသလားဆိုတဲ့အချက်တွေကိုပါ ထည့်သွင်းလေ့လာခဲ့တာပါ။

လေ့လာမှုရလဒ်အနေနဲ့ တစ်ပတ်ကို နှစ်ကြိမ် ဒါမှမဟုတ် ၂ ကြိမ်ထက်ပိုပြီး Diet Drinksတွေကိုသောက်သုံးတဲ့လေဒီတွေကအခြားသူတွေထက်လေဖြတ်နိုင်ခြေ ၂၃ ရာခိုင်နှုန်းပိုများနေပါတယ်။ ဒါတင်မကပါဘူး။ သွေးကြောထဲမှာသွေးခဲပိတ်ဆို့တကြောင့်လေဖြတ်နိုင်ခြေက ၃၁ ရာခိုင်နှုန်းပိုများပါတယ်။ ဒါ့အပြင်ရုတ်တရက်နှလုံးရပ်နိုင်ခြေနဲ့ နှလုံးရောဂါခံစားရနိုင်ခြေက ၂၉ ရာခိုင်နှုန်းအထိပိုများနေပါတယ်။ ရုတ်ရက်သေဆုံးနိုင်ခြေကလည်း ပုံမှန်ထက် ၁၆ ရာခိုင်နှုန်းလောက်အထိကို ပိုများနေတာပါ။

နှလုံးရောဂါခံစားရဖူးတာ၊ ဆီးချိုရောဂါခံစားရဖူးတာမရှိဘူးဆိုရင်တောင်မှ Diet Drinks သာက်တဲ့အမျိုးသမီးတွေဟာသွေးဆုံးပြီးချိန်မှာ အခြားသူတွေထက် ဦးနှောက်သွေးကြောပိတ်ဆို့ပြီးလေဖြတ်နိုင်ခြေက ပုံမှန်ထက် ၂ ဆလောက်ပိုများနေပါတယ်။

တစ်နေ့ကို Diet Drinkတွေ နှစ်ခွက် ဒါမှမဟုတ် နှစ်ခွက်ထက်ပိုမိုသောက်သုံးတဲ့အမျိုးသမီးတွေဟာသွေးဆုံးပြီးချိန်မှာလေဖြတ်နိုင်ခြေက တစ်ပတ်ကို Diet Drink တစ်ခွက်ပဲသောက်တဲ့သူတွေထက် ပိုများနေနိုင်ပါတယ်။

ဒီလေ့လာချက်က အမျိုးသားတွေအပေါ်မှာပါ မှန်ကန်နိုင်မလားဆိုတာကတေ့နောက်ထပ်လေ့လာမှုတွေလုပ်ဆောင်ကြည့်ဖို့လိုအပ်မှာပါ။

Diet Drinkသောက်သုံးမှုက ချက်ချင်းထိခိုက်မှုမရှိနိုင်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ ခန္ဓာကိုယ်မှာ ထိခိုက်မှုကတော်တော်လေးများလာနိုင်ပါတယ်။ ဒါကြောင့် အခုပြောခဲ့တဲ့ ကျန်းမာရေးပြဿနာတွေကနေ ကင်းဝေးစေဖို့အတွက်လေဒီတို့အနေနဲ့ Gymဆော့ပြီးလို့မောတယ်ဆိုရင်တောင်မှ ရိုးရိုးရေကိုပဲသောက်ကြဖို့ တိုက်တွန်းပါရစေ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 07/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။