brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

မော့တာလျှော့ကြစို့

အရက်ကိုနည်းနည်းစသောက်ရင်း စွဲမှန်းမသိစွဲနေပြီလား။ နေ့တိုင်းမမော့ရမနေနိုင်ဖြစ်နေပြီလား။ ဒါဆို ရေရှည်မှာ ကျန်းမာရေးထိခိုက်လာဖို့ သေချာနေပြီနော်။ ဘယ်လိုနည်းလမ်းလေးတွေနဲ့ အရက်ကိုထိန်းထိန်းသိမ်းသိမ်းသောက်ရမလဲဆိုတာ ဆက်လေ့လာကြည့်လိုက်ပါအုံး။

မော့တာလျှော့ကြစို့

ဘယ်အစားအသောက်မဆို တန်ဆေးလွန်ဘေးချည်းဘဲမဟုတ်လား။ အရက်သောက်တာလည်း ဒီလိုပဲလေ၊ နည်းနည်းသောက်ရင်တော့ ဘာမှမသိသာပေမဲ့ သောက်ရင်းသောက်ရင်းများလာတော့ ရေရှည်မှာ အသည်းကစပြီးတစ်ကိုယ်လုံးဒုက္ခရောက်တော့တာပေါ့။ ဒါ့ကြောင့်အရက်ကိုစည်းကမ်းရှိရှိသောက်ဖြစ်အောင် ဒီအချက်လေးတွေအတိုင်း လုပ်ဆောင်ကြည့်ပါ။

– မသောက်ခင်ကတည်းက ဘယ်နှခွက်ပဲသောက်မယ်ဆိုတာ စိတ်ထဲကတွေးထားပါ၊ သတ်မှတ်ထားတဲ့ခွက်ပမာဏအတိုင်းပဲသောက်ပါ။ သတ်မှတ်မထားဘဲ အဆင်ပြေသလိုသောက်နေရင် အရက်ပမာဏအများကြီးဝင်သွားနိုင်လို့ဖြစ်ပါတယ်

– တစ်ပတ်ကို အရက်၊ ဘီယာ၊ ဝိုင်သောက်ဖို့ ဘယ်လောက်ပဲ ပိုက်ဆံသုံးမယ်ဆိုပြီး ကန့်သတ်ချက်လုပ်ထားပါ။ ဒီလိုလုပ်တာက ပိုက်ဆံလည်းချွေတာရာရောက်သလို အရက်လည်းလျှော့သောက်ဖြစ်စေမှာပါ

– ကိုယ်အရက်လျှော့သောက်ဖို့ကြိုးစားနေတယ်ဆိုတာ ကိုယ့်ဘေးနားသူငယ်ချင်းတွေ၊ မိသားစုတွေ၊ အထူးသဖြင့် သောက်ဖော်သောက်ဖက်တွေကို ပြောပြထားပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး တကယ်လေးလေးနက်နက်လုပ်နေတယ်ဆိုတာလည်း သူတို့သိပါစေ၊ ဒါဆို သူတို့လည်း အထောက်အကူပေးနိုင်မှာပါ

– အရက်ကို ချက်ချင်းကြီးတိခနဲဖြတ်တာမျိုး မလုပ်သင့်တာ လူတိုင်းသိမှာပါ။ ဒါ့ကြောင့် တစ်ရက်ခြင်း နည်းနည်းချင်းစီလျှော့သောက်သွားပေးသင့်ပါတယ်။ ဒါဆိုတဖြည်းဖြည်းနဲ့ အရက်လုံးဝပြတ်သွားတဲ့အထိတောင်ဖြစ်နိုင်ပါတယ်

– အရက် ဒါမှမဟုတ် ဝိုင် သောက်တာကိုလုံးဝမဖြတ်ပစ်နိုင်သေးရင် နောက်တစ်နည်းလုပ်လို့ရတာရှိပါသေးတယ်။ ခွက်သေးသေး ဒါမှမဟုတ် ပုလင်းသေးသေးပဲ ရွေးသောက်ပါ။ နည်းနည်းပဲသောက်တာက အများကြီးသောက်တာထက်တော့ ပိုကောင်းပါတယ်

– အရက်၊ ဘီယာသောက်ရင်လည်း ပြင်းအားနည်းတဲ့အမျိုးအစားတွေကိုပဲ ရွေးချယ်သောက်ပေးပါ။ ဥပမာ lager beer မသောက်ဘဲ နည်းနည်းပေါ့တဲ့ဘီယာပဲ သောက်တာမျိုး၊ အရက်ဆိုလည်း အယ်လ်ကိုဟောပါဝင်မှုပိုနည်းတဲ့အရက်ကို သောက်တာမျိုးလုပ်နိုင်ပါတယ်

– အရက်သောက်တာက ရေဓာတ်ခန်းခြောက်စေပါတယ်။ ဒါ့ကြောင့် အရက်သောက်နေချိန်မှာ ရေ သို့မဟုတ် သစ်သီးဖျော်ရည်တစ်မျိုးမျိုးပါ တစ်လှည့်စီသောက်ပေးပါ။ ဒါဆို အရက်လည်းအရမ်းမသောက်နိုင်တော့သလို ရေဓာတ်လည်း မခန်းခြောက်စေတော့ပါဘူး။

– အရက်ကိုအချိန်သတ်မှတ်ပြီးသောက်ပါ။ ညနေရုံးဆင်းတိုင်း သူငယ်ချင်းတွေနဲ့စုံပြီးသောက်လိုက်၊ ညဘောလုံးပွဲကြည့်ရင်း သောက်လိုက်နဲ့လုပ်နေရင် တစ်ပတ်လုံးနားရက်မရှိ သောက်နေရပါလိမ့်မယ်။ အဲ့တော့ တစ်ပတ်အတွင်းမှာ ဘယ်နေ့ပဲသောက်မယ်ဆိုပြီး သေချာသတ်မှတ်ထားပါ။

အရက်ကိုပုံမှန်သောက်နေကျပမာဏထက်လျှော့သောက်လိုက်မယ်ဆို ရေတိုမှာရော ရေရှည်မှာပါ သိသာတဲ့ရလဒ်တွေခံစားရမှာပါ။ ကိုယ်သောက်နေကျပမာဏထက်လျှော့သောက်တာနဲ့တင် တစ်ပတ်အတွင်းမှာ အရင်ကထက်ပိုလန်းဆန်းလာတာ၊ မနက်ပိုင်းအိပ်ရာနိုးရင်ခေါင်းကကြည်လင်လန်းဆန်းနေတာ၊ အသားအရည် ပိုစိုပြေလာတာ၊ တစ်နေ့တာလုံးအားအင်ပြည့်ဝသလိုခံစားရတာတွေ ဖြစ်လာနိုင်ပါတယ်။ ရေရှည်မှာဆိုလည်း

– ညဖက်အိပ်ရေး၀၀အိပ်ပျော်တာ

– စဉ်းစားဆုံးဖြတ်နိုင်စွမ်း တိုးတက်လာတာ

– နှလုံးကျန်းမာရေးပိုကောင်းလာတာ

– ခုခံအားစနစ်ပိုးကောင်းလာတာ တွေခံစားရမှာဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီလိုအကျိုးကျေးဇူးတွေရရှိခံစားချင်တယ်ဆိုရင်တော့ ဒီနေ့ကစပြီး အရက်ကိုပုံမှန်ထက် လျှော့သောက်ဖို့ ကြိုးစားကြပါစို့လို့ နှိုးဆော်လိုက်ရပါတယ်။

ရေးသားသူ – Dr.Htoo Tint

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Thiha Phyo Myint · 05/11/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။