brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

ခန္ဓာကိုယ်ထဲမှာ အရက်ချက်လို့ရလား။

ကဲ ခေါင်းစဉ်မြင်ပြီး စိတ်ဝင်စားသွားကြပြီမလား။ ဒါသာ အမှန်ဆိုရင် အရက်ဆိုတာကြီးကို အပြင်ကနေ ပိုက်ဆံကုန်ခံပြီး ဝယ်သောက်စရာမလိုတော့ဘူးလေ၊ ကိုယ့် ခန္ဓာကိုယ်ထဲကနေ အလိုလိုထွက်နေတာ၊ ဘယ်လောက်ကောင်းလိုက်မလဲပေါ့။ တကယ်တော့ ဒီလိုမျိုး အခြေအနေဟာ တကယ်ဖြစ်နိုင်ပါတယ်၊ ရောဂါတစ်ခုအနေနဲ့ပေါ့။

ခန္ဓာကိုယ်ထဲမှာ အရက်ချက်လို့ရလား။

ခန္ဓာကိုယ်တွင်း အလိုအလျောက် အရက်ချက်ရောဂါ

အင်္ဂလိပ်လို Auto Brewery Syndrome လို့ခေါ်ပါတယ်။ Auto ရဲ့ အဓိပ္ပါယ်ကတော့ အလိုအလျောက်ပါ။ Brewery ကတော့ အရက်ချက်တယ်၊ ဘီယာချက်တယ်စသဖြင့် အဓိပ္ပါယ်ရပါတယ်။

ရောဂါစတင်ရှာဖွေတွေ့ရှိချိန်ကနေ စပြီးတော့ ဒီရောဂါရှိတဲ့သူ အနည်းငယ်သာရှိခဲ့ပြီး အရမ်းရှားပါးတဲ့ရောဂါဖြစ်ပေမဲ့ အမှန်တကယ်ရှိတဲ့ရောဂါဖြစ်ကြောင့်တော့ အတည်ပြုပြီးကြပါပြီ။

မိန်းမတစ်ယောက် မူးပြီးကားမောင်းလို့ ကားတိုက်မှုဖြစ်တယ်၊ ဒါပေမဲ့ သွေးထဲမှာရှိတဲ့ အယ်ကိုဟောပမာဏကို စစ်ဆေးလိုက်တဲ့ချိန်မှာ တကယ်အရက်သောက်ထားတာ မဟုတ်ဘဲ ဒီရောဂါကြောင့်ဖြစ်တယ်ဆိုပြီး အနောက်တိုင်း သတင်းတွေမှာလည်း ဟိုးလေးတကျော်ဖြစ်ခဲ့ပါသေးတယ်။

ဒီရောဂါဘယ်လိုဖြစ်တာလဲ။

ခန္ဓာကိုယ်ထဲမှာ ဘယ်လိုအရက်ချက်တွေချက်နေတာလဲဆိုရင် ပုံမှန် အရက်တွေ၊ ဘီယာတွေချက်သလိုပဲလို့ ပြောရပါလိမ့်မယ်။ အရက်တွေ ဘီယာတွေဟာ ဆန်၊ ဂျုံ၊ တို့လို ကစီဓာတ်၊ အချိုဓာတ်များတဲ့ အစားအသောက်တွေကနေ တဆေးလို့ခေါ်တဲ့ yeast တွေကိုထည့်ပြီး အချဉ်ဖောက်ရာကနေရတာပါ။ အလားတူပါပဲ ခန္ဓာကိုယ်ထဲမှာလည်း ပုံမှန် အချိုဓာတ်ပါတဲ့ အစားအသောက်တွေကို အချဉ်ဖောက်စေနိုင်တဲ့ yeast ကောင်လေးတွေ သဘာဝအတိုင်း နေထိုင်ပါတယ်။ Yeast ဆိုတာလည်း မှိုပိုးမွှားတစ်မျိုးပါ။

ဒီအကောင်လေးတွေဟာ ပုံမှန်ထက်များလာတဲ့အခါ၊ ဒါမှမဟုတ် အပြင်ကနေဝင်ရောက်လာတဲ့အခါ ပါးစပ်ကနေစားသမျှ ကစီဓာတ်၊ သကြားဓာတ်ပါတဲ့ အစားအသောက်တွေကို အစာအိမ်နဲ့ အူလမ်းကြောင်းမှာ အချဉ်ပေါက်ပြီး အီသနော (ethanol) လို့ခေါ်တဲ့ အရက်တွေထွက်လာပါတော့တယ်။

ဘယ်လိုလူတွေမှာ ဖြစ်နိုင်လဲ။

ဒီရောဂါဟာ လူကြီးတွေရော ကလေးတွေမှာရော ဖြစ်နိုင်ပါတယ်။ မွေးရာပါဖြစ်နိုင်တဲ့ ရောဂါမဟုတ်ပေမဲ့ ဒီရောဂါကိုလှုံ့ဆော်ပေးနိုင်တဲ့ တခြားရောဂါတစ်မျိုးက မွေးရာပါဖြစ်နေတယ်ဆိုရင်တော့ အဲ့ရောဂါနဲ့အတူ တွဲနိုင်ပါတယ်။ ဥပမာပြောရရင်တော့ အစာအိမ်၊ အူနံရံတွေရောင်ရမ်းတဲ့ရောဂါ ခရုန်းရောဂါ (Crohn’s disease) လိုဖြစ်နေတဲ့သူတွေမှာ ဒီရောဂါနဲ့တွဲနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ခရုန်းရောဂါဟာ ခန္ဓာကိုယ်တွင်း အရက်ချက်တာကိုဖြစ်စေတဲ့ yeast ပိုးမွှားတွေကို များစေလို့ပါ။

တခြား yeast ပိုးမွှားများစေနိုင်မယ့် အခြေအနေတွေကလည်း ဒီရောဂါကို ဖြစ်စေနိုင်ပါတယ်။

၁။ ပဋ္ဋိဆေးဝါးတွေမလိုဘဲသောက်တဲ့သူတွေ

၂။ အူရောင်ရမ်းသောရောဂါ (Inflammatory Bowel Disease) ရှိတဲ့သူတွေ

၃။ ဆီးချိုရောဂါရှိတဲ့သူတွေ

၄။ ခန္ဓာကိုယ်ခုခံအားစနစ်ကျဆင်းနေတဲ့သူတွေ စတဲ့ သူတွေမှာလည်း ဒီရောဂါဖြစ်နိုင်ပါတယ်။

ရောဂါလက္ခဏာများ

ခန္ဓာကိုယ်ထဲမှာ အီသနော (ethanol) အရက်တွေ အလိုလို ထုတ်နေတာဖြစ်တဲ့အတွက် အရက်မူးတဲ့လက္ခဏာတွေလိုမျိုးခံစားရမှာပါ။

အရက်လုံးဝမသောက်ဘဲ မူးနေတာ ဒါမှမဟုတ် မမူးလောက်တဲ့ပမာဏလောက်ပဲ သောက်မိတာကို အရမ်းမူးသွားတာမျိုးပေါ့။

အရက်မူးတဲ့သူတွေမှာ ပုံမှန်ဖြစ်နေကျဖြစ်တဲ့

  • မျက်နှာနီရဲတာ၊ ချွေးစီးပြန်တာ
  • ခေါင်းမူး၊ ခေါင်းကိုက်တာ
  • မူးဝေအော့အန်တာ
  • ခံတွင်းခြောက်၊ ရေဆာတာ
  • ကြို့ထိုးတာ၊ လေအရမ်းတက်တာ
  • အာရုံစူးစိုက်မရတာ၊ မှတ်ဉာဏ်ချို့ယွင်းတာ
  • မောပန်းတာနဲ့ စိတ်အခြေအနေတွေအမျိုးမျိုးပြောင်းလဲတာ စသဖြင့် ကြုံတွေ့ရပါတယ်။

ဒါ့အပြင် ဒီရောဂါဟာ အူရောင်ရမ်းရောဂါ (Irritable Bowel Syndrome)၊ နာတာရှည်မောပန်းလွယ်သောရောဂါ (Chronic fatigue syndrome)၊ စိတ်ကျရောဂါ (depression) ရှိနေပြီးသားလူတွေမှာဖြစ်ရင် ပိုဆိုးတတ်ပါတယ်။

ရောဂါရှိနေလား ဘယ်လိုစစ်ဆေးကြမလဲ။

ဒီလိုရောဂါဟာ ရှားပါးရောဂါဖြစ်သလို ရောဂါလက္ခဏာ ခပ်ဆင်ဆင်ဖြစ်နေနိုင်တဲ့ တခြားရောဂါတွေလည်း အများကြီးရှိနိုင်တာမို့ ရောဂါရှာရခက်နိုင်ပါတယ်။ ဒါပေမဲ့ အချိုစားပြီးတိုင်း အရက်မူးတဲ့ ခံစားချက်ရတယ်ဆိုရင်တော့ သွေးတွင်း အယ်ကိုဟောဓာတ် (blood alcohol level) ကိုတိုင်းတာလို့ရပါတယ်။ အရမ်းမြင့်နေတယ်ဆိုရင်တော့ ဒီရောဂါဖြစ်နိုင်တယ်လို့ ကျွမ်းကျင်ဆရာဝန်တွေက ကောက်ချက်ချပါလိမ့်မယ်။ သွေးထဲ ဝမ်းထဲမှာလည်း yeast ပိုးမွှားတွေများနေလားဆိုတာနဲ့လည်း ရောဂါရှာဖွေလို့ရပါတယ်။

ကုလို့ရတဲ့ရောဂါလား။

ဒီရောဂါဆိုတာသေချာတာနဲ့ ကုသဖို့ကတော့ လွယ်ပါတယ်။ ခန္ဓာကိုယ်ထဲက yeast ပိုးမွှားတွေကို ရှင်းပစ်ဖို့အတွက် သင့်တော်တဲ့ ပဋ္ဋိဆေးဝါးတွေကို ဆရာဝန်က ညွှန်းပေးမှာပါ။ ကုသနေချိန်မှာတော့ အချိုဓာတ်၊ ကစီဓာတ်များတဲ့ အရာတွေကို လုံးဝ နီးပါးရှောင်ရမှာဖြစ်ပါတယ်။ အရက်သောက်တာကိုတော့ လုံးဝရှောင်ကြဉ်ရမှာဖြစ်ပါတယ်နော်။

အချုပ်ပြောရမယ်ဆိုရင် ဒီရောဂါဟာ မြန်မာပြည်မှာတောင်မဖြစ်ဖူးသေးတဲ့ ကမ္ဘာမှာတောင် အရမ်းရှားပါးတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒါပေမဲ့ Hello Sayarwon ပရိသတ်တို့ မသိဘူးဆိုပြီး မဖြစ်ရအောင် ဗဟုသုတအနေနဲ့ ရေးသားတင်ဆက်လိုက်ရပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Yee Mon Lwin · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။