brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

မသောက်ဘဲ ချာချာလည်အောင် မူးနေပြီလား။

အိုးထိန်းစက်ထဲထည့်လှည့်သလို ဘယ်နေရာကိုကြည့်ကြည့် ချာချာလည်နေပြီလား။ ဒါကို ချာချာလည်အောင် မူးတယ်။ ဆေးပညာအရ vertigo (ဗာတိုင်ဂို)လို့ခေါ်ပါတယ်။ ဒါကဘာကြောင့်ဖြစ်ရတာလဲ။ အသက်အန္တရာယ်ရှိလား။ ကုလို့ရပါ့မလားဆိုတာ ဆက်ဆွေးနွေးပေးပါမယ်။

မသောက်ဘဲ ချာချာလည်အောင် မူးနေပြီလား။

ဘာလို့ဒီလိုမူးတာလဲ။

ဒီအကြောင်းကို မပြောခင် အရင်ဆုံး ခန္ဓာကိုယ်ရဲ့ ဟန်ချက်အကြောင်းပြောပြပါမယ်။ နားအတွင်းပိုင်းမှာ ခရုခွေလေးတွေရှိပြီး အဲ့ထဲမှာ အရည်လေးတွေရှိပါတယ်။ ဒါကို labyrinthလို့ခေါ်ပါတယ်။ ခန္ဓာကိုယ်က လှုပ်ရှားတဲ့အခါ မမူးအောင်၊ ဟန်ချက်မပျက်အောင်လို့ သူက ဦးနှောက်ကို သတင်းပို့ပြီး ချိတ်ဆက်ပေးပါတယ်။ ဒါက ပုံမှန်ပါ။

ဒါကြောင့် နားအတွင်းပိုင်းမှာ ပြဿနာတစ်ခုခုရှိရင် ဒီစနစ်ပျက်ပြီး ဟန်ချက်မထိန်းနိုင်ဘဲ မူးလာပါတယ်။အဖြစ်များတဲ့ရောဂါတွေကတော့

(၁)BPPV (Benign paroxysmal positional vertigo)

BPPVလို့ခေါ်တဲ့ ဒီရောဂါမှာ နားအတွင်းက လှိုဏ်ခေါင်းထဲကို ကယ်ဆီယမ်တွေစုပုံလာပါတယ်။ ဒါကြောင့် ဦးနှောက်ကို သတင်းမပို့နိုင်တော့ဘဲ ဟန်ချက်ပျက်ပြီး ခေါင်းမူးပါတယ်။

(၂)Meniere’s disease

ဒီရောဂါက နားအတွင်းထဲမှာ အရည်တွေစုပြီး ဖိအားပြောင်းလာလို့ဖြစ်တယ်လို့ ပြောပါတယ်။ ချာချာလည်အောင် မူးတာအပြင် နားအူတာ၊ နားလေးတာလဲ တွေ့ရပါတယ်။

(၃)အာရုံကြောရောင်ရမ်းခြင်း (Vestibular neuritis or Labyrinthitis)

နားအတွင်းထဲက အာရုံကြောတွေရောင်ရမ်းတာပါ။ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာများပါတယ်။

တခြားအကြောင်းတွေကတော့

-ဦးခေါင်းနဲ့ လည်ပင်းဒဏ်ရာရတာ

လေဖြတ်တာ၊ ဦးနှောက်အကြိတ်ဖြစ်တာ

-နားထိခိုက်စေတဲ့ ဆေးတွေသောက်တာ

-ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraine headache)တွေကလည်း ချာချာလည်အောင် မူးစေပါတယ်။

ရောဂါလက္ခဏာများ

ခေါင်းအလှုပ်များရင် ဖြစ်တတ်ပါတယ်။ ဗာတိုင်ဂိုရောဂါရှိသူတွေက သူတို့ခံစားရတာကို

-ချာချာလည်အောင်မူးတယ်

-မြင်ရတာတွေက စောင်းနေတယ်။ ယိမ်းထိုးနေတယ်။

-ဟန်ချက်မထိန်းနိုင်ဘူး။

-တစ်ဖက်တည်းကို ကိုယ်ကြီးပါသွားတယ် စသဖြင့် ပြောလေ့ရှိပါတယ်။

တခြားတွဲတွေ့ရတဲ့ လက္ခဏာတွေကတော့

-ပျို့တက်လာတာ

-အန်တာ

-မျက်စိသားငယ်အိမ် ထောင့်ကပ်တာ

-ခေါင်းကိုက်တာ

-ချွေးထွက်တာ

နားအူတာ၊ နားလေးတာ စတာတွေပဲ ဖြစ်ပါတယ်။

ဝေဒနာခံစားရတာက မိနစ်အနည်းငယ်ကနေ နာရီပိုင်းထိကြာတတ်ပါတယ်။ ဖြစ်လိုက်ပျောက်လိုက်ပါပဲ။

ကုသနည်းများ

ဖြစ်တဲ့အကြောင်းရင်းပေါ်မူတည်ပြီး ကုသနည်းတွေမတူပါဘူး။ အများအားဖြင့်တော့ အလိုလိုသက်သာသွားကြပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဦးနှောက်ကလည်း နားအတွင်းပိုင်းက သတင်းပို့တာကို ကျင့်သားရလာလို့လည်း ပါပါတယ်။

ချာချာလည်အောင်မူးတာက ရောဂါသက်သက်တော့ ဒုက္ခမပေးတတ်ပါဘူး။ ဒါပေမယ့် မူးနေတဲ့အချိန်မှာ မတော်တဆ ထိခိုက်မိပြီး ဒဏ်ရာရတာ၊ ပြုတ်ကျတာ၊ ချော်လဲတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် မူးတယ်လို့ ခံစားရတာနဲ့ ချက်ချင်းထိုင်ချပါ။ ကောင်းကောင်းမကုရသေးခင်မှာ ကားမောင်းတာ၊ အမြင့်တက်တာမျိုး မလုပ်ပါနဲ့။ ညဖက် အိပ်ရာကထသွားဖို့လိုရင် မီးအရင်ဖွင့်ပါ။ လမ်းသွားရင် တုတ်ကောက်နဲ့သွားပါ။ ဆရာဝန်နဲ့တိုင်ပင်ပြီး ကုသမှုခံယူပါ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Htet Htet Zaw Win · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။