အစာအိမ် ရောင်တဲ့အခါ ဒါတွေရှောင်ပါ
အစာအိမ် အူလမ်းကြောင်းရောင်ရမ်းတာက ဗိုင်းရပ်စ်၊ ဘက်တီးရီးယား ဒါမှမဟုတ် ကပ်ပါးပိုးတွေကြောင့် ဖြစ်ပါတယ်။ အများအားဖြင့် –

- အစားအသောက် (အထူးသဖြင့် ပင်လယ်စာ)
- သောက်သုံးရေ
- ရောဂါပိုးရှိနေတဲ့ လူနဲ့ထိတွေ့မှု
- လက်မဆေးခြင်း
- ဇွန်း၊တူ စတာတွေ မသန့်ရှင်းခြင်း တို့ကတဆင့် ရောဂါပိုးကို ကူးစက်ရရှိနိုင်ပါတယ်။
လက္ခဏာတွေကတော့ –
- မအီမသာဖြစ်ခြင်း၊
- ချွေးထွက်များခြင်း၊
- ရင်ခေါင်းတောင့်ခြင်း
- ပျို့အန်ခြင်း၊
- ဝမ်းလျှောခြင်း၊
- ဗိုက်နာခြင်း၊
- အနည်းငယ် ကိုယ်ပူခြင်းတို့ပဲဖြစ်ပါတယ်။
ရောင်ရမ်းခြင်းရဲ့ အကြောင်းရင်းပေါ်မူတည်ပြီး ဒီလက္ခဏာတွေဟာ တစ်ရက်ကနေ တစ်ပတ်ကျော်အထိ ကြာမြင့်တတ်ပါတယ်။
အစာအိမ် ရောင်ပြီဆိုရင် –
အကြမ်းဖျင်းအားဖြင့်တော့ အစာအိမ်ရောင်တဲ့အခါ အချဉ်၊ အစပ် မပါတဲ့ အစာပျော့ပျော့ပဲစားရမှာပါ။ ရှောင်သင့်တဲ့အရာတွေအကြောင်း အသေးစိတ်လေး ပြောရရင်တော့ –
- ဆီကြော်နဲ့ အဆီများတဲ့ အစားအစာတွေ ၊
- ချဉ်ဖတ်နဲ့ အချဉ်တည်ထားတာတွေ၊ ဆားရည်စိမ်တွေ၊
- အငန်နဲ့အစပ်ကဲတဲ့ အစားအစာတွေ၊
- ကော်ဖီ၊ လက်ဖက်ရည်၊ နဲ့ ကဖင်းများတဲ့ သောက်စရာတွေ၊
- အရက်နဲ့ ဘီယာလို အယ်လ်ကိုဟောတွေ၊
- အချဉ်စူးတဲ့အသီးတွေနဲ့ ဖျော်ရည်တွေ၊
- ဂက်စ်ပါတဲ့ အချိုရည်ဘူးတွေ၊
- ရေခဲမုန့်လိုမျိုး ပျစ်နှစ်နေတဲ့နို့ထွက်ပစ္စည်းတွေ၊ ချိစ်များတဲ့ မုန့်တွေ ရှောင်သင့်ပါတယ်။
ဒါ့အပြင် အမဲသား၊ ဝက်သားတို့လို အသားတွေကို များများမစားသင့်ပါဘူး။
အစာစားရင် တစ်ခါတည်း အများကြီးပြည့်အင့်နေအောင် မစားပါနဲ့။ အချိန်သတ်မှတ်ပြီး နည်းနည်းချင်း ခွဲပြီးစားပါ။ ပမာဏများများ ဖိစားလိုက်တဲ့အခါ အစာအိမ်ကို ဝန်ပိစေနိုင်လို့ပါ။
ဘာတွေစားလို့ရမလဲ
ဒီအချိန်မှာ –
- ပန်းသီး၊ အုတ်ဂျုံ၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ ပဲ တို့လို အမျှင်ဓာတ်များတဲ့ အစားအစာတွေ၊
- ငါး၊ ကြက်ရင်ပုံသား တို့လို အဆီနည်းတဲ့အစားအစာတွေ၊
- ဂက်စ်မပါတဲ့ အချိုရည်တွေ၊
- ကဖင်းမပါတဲ့ သောက်စရာတွေ က သင့်တော်ပါတယ်။
ကောင်းကောင်းအနားယူပါ။
အစာအိမ်ရောင်တဲ့အချိန်မှာ ခန္ဓာကိုယ်က ရောဂါပိုးကိုတိုက်ထုတ်ဖို့ အနားယူဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် အိပ်ရေးဝအောင်အိပ်ပါ၊ တစ်နေ့တာမှာ လှုပ်ရှားမှုသိပ်မများအောင် ဂရုစိုက်ပါ။ အပင်ပန်းမခံဘဲ နားနားနေနေ နေပါ။