ဆီးချိုရုတ်တရက်တက်လာရင် အရေးပေါ်ဘယ်လိုကုသမလဲ
သွေးတွင်းသကြားဓါတ်မြင့်တက်ခြင်း (hyperglycemia)
ဆီးချိုရောဂါရှိသူတွေမှာသွေးတွင်းသကြားဓါတ်မြင့်တက်လွန်းရင် အရေးပေါ်အခြေအနေ (diabetic coma)ဖြစ်လာနိုင်ပါတယ်။ ဒီအခြေအနေကို အမျိုးအစား ၁ နဲ့ အမျိုးအစား ၂ဆီးချိုရောဂါ နှစ်မျိုးလုံးမှာခံစားရနိုင်ပါတယ်။ဆီးချိုကြောင့်ဖြစ်ရတဲ့ကိုမာ (diabetic coma) ဆိုတာ အသက်အန္တရာယ်ရှိနိင်တဲ့ ဆီးချိုနောက်ဆက်တွဲဝေဒနာဖြစ်တဲ့သတိလစ်မေ့မြောခြင်းဖြစ်ပါတယ်။ သင့်မှာဆီးချိုရောဂါရှိနေတယ်ဆိုရင်သွေးတွင်းသကြားဓါတ်မြင့်လွန်းတာ (hyperglycemia) ပဲဖြစ်ဖြစ်၊သွေးတွင်းသကြားဓါတ်ကျဆင်းတာ(hypoglycemia) ပဲဖြစ်ဖြစ် အန္တရာယ်အဆင့်ကိုရောက်ရင် ဆီးချိုကိုမာ ရနိုင်ပါတယ်။

ဆီးချိုကိုမာအခြေအနေကိုရောက်နေပြီဆိုရင် သင်ဟာ အသက်ရှင်နေသေးပေမယ့်မြင်ရ၊ကြားရသမျှ သို့မဟုတ် လှုံ့ဆော်မှုအာရုံအားလုံးကို မတုံ့ပြန်နိုင်၊ မနိုးထနိုင်တဲ့အနေအထား ခံစားရနိုင်ပါတယ်။ မကုသဘဲထားရင်diabetic coma က လူကိုသေစေတဲ့အထိဖြစ်စေနိုင်ပါတယ်။
Hyperglycemia သွေးတွင်းသကြားဓါတ်များခြင်း မှာ အမျိုးအစားနှစ်မျိုးရှိပါတယ် –
- အစာမစားခင်သွေးစစ်ချိန်သွေးတွင်းသကြားဓါတ်မြင့်နေခြင်း(Fastinghyperglycemia)
အစာမစားမီ ၈ နာရီအတွင်း တိုင်းတာချိန်မှာသွေးတွင်းသကြားဓါတ်ပမာဏ130 mg/dL ထက်ကျော်လွန်နေခြင်းဖြစ်ပါတယ်။
- အစာစားပြီးသွေးစစ်ချိန်သွေးတွင်းသကြားဓါတ်မြင့်နေခြင်း(After-meal hyperglycemia)
အစာစားပြီး ၂ နာရီအကြာ တိုင်းတာချိန်မှာ သွေးတွင်းသကြားဓါတ်ပမာဏ 180 mg/dL ထက်ကျော်လွန်နေခြင်းဖြစ်ပါတယ်။
သွေးတွင်းသကြားဓါတ်မကြာခဏ သို့မဟုတ် ဆက်တိုက်မြင့်တက်နေမယ်ဆိုရင် အာရုံကြောတွေ၊သွေးကြောတွေနဲ့ ကိုယ်တွင်းအင်္ဂါတွေကိုထိခိုက်စေနိုင်ပါတယ်။ အဲဒီကနေ တခြားဆိုးရွားတဲ့အခြေအနေတွေကိုလည်းဖြစ်စေနိုင်ပါတယ်။ အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတွေမှာketoacidosis လို့ခေါ်တဲ့သွေးတွင်းအက်စစ်ဓါတ်များနေခြင်းကို ခံစားရဖို့များပါတယ်။
အမျိုးအစား၂ ဆီးချိုရောဂါရှိနေရင် ဒါမှမဟုတ်ဖြစ်နိုင်တဲ့အလားအလာရှိနေရင်သွေးတွင်းသကြားဓါတ်မြင့်တက်လွန်းတဲ့အခါ ခန္ဓါကိုယ်က သကြားဓါတ်ကို မစီမံမဖြေရှင်းနိင်တော့တဲ့ အန္တရာယ်အခြေအနေဖြစ်လာစေနိုင်ပါတယ်။ ဒါကိုhyperglycemic hyperosmolar nonketotic syndrome (HHNS) လို့ခေါ်ပါတယ်။ အစမှာ ဆီးမကြာခဏသွားရရာကနေနောက်ပိုင်းမှာ အကြိမ်ရေနည်းလာပြီး ဆီးအရောင်က ရင့်လာပြီးရေဓါတ်ဆုံးရှုံးမှုဆိုးရွားလာနိုင်ပါတယ်။
ဖြစ်လာစေတဲ့အကြောင်းရင်းများ
အောက်ပါအချက်တွေ ရှိနေရင် သွေးတွင်းသကြားဓါတ်မြင့်တက်လာနိုင်ပါတယ်-
- အင်ဆူလင်ထိုးဖို့မေ့တာ၊ ဒါမှမဟုတ် ဆီးချိုထိန်းဆေးသောက်ဖို့မေ့တာ
- ဆေးထိုးထားတဲ့ အင်ဆူလင်ပမာဏနဲ့ကိုက်ညီတဲ့အတိုင်းအတာထက်ကျော်လွန်တဲ့ ကာဗိုဟိုက်ဒရိတ်ပမာဏကိုစားသုံးမိတာ
- ရောဂါတစ်စုံတစ်ခု ကူးစက်ခံရတာ၊
- နာမကျန်းဖြစ်တာ
- စိတ်ဖိစီးမှုခံစားနေရတာ
- လှုပ်ရှားမှုနည်းတာ၊ ဒါမှမဟုတ် ပုံမှန်လောက်လေ့ကျင့်ခန်းမလုပ်ဖြစ်တာ
- အားစိုက်ရတဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်တာ၊အထူးသဖြင့်သွေးတွင်းသကြားဓါတ်မြင့်နေချိန်နဲ့ အင်ဆူလင်ပမာဏကျဆင်းနေချိန်။
လက္ခဏာများ
သွေးတွင်းသကြားဓါတ်မြင့်လာချိန်မှာဖြစ်လာနိုင်တဲ့ လက္ခဏာတွေက –
- ရေငတ်လာခြင်း
- ခေါင်းကိုက်ခြင်း
- အာရုံစိုက်မရခြင်း
- အမြင်အာရုံဝေဝါးခြင်း
- မကြာခဏဆီးသွားခြင်း
- မောပန်းနွမ်းနယ်ခြင်း (အားနည်းခြင်း၊ပင်ပန်းနေသလိုခံစားရခြင်း)
- ကိုယ်အလေးချိန်ကျဆင်းခြင်း
- သွေးတွင်းသကြားဓါတ်က180 mg/dL ထက်ကျော်လွန်ခြင်း
သွေးတွင်းသကြားဓါတ်ဆက်တိုက်မြင့်တက်နေမယ်ဆိုရင် –
- မိန်းမကိုယ် နဲ့ အရေပြား ပိုးဝင်ခြင်း
- အနာကျက်နှေးခြင်း
- အမြင်အာရုံမကောင်းခြင်း
- ခြေဖျားအေးစက်ခြင်း၊ထုံကျဉ်ခြင်းဖြစ်စေတဲ့ အာရုံကြောထိခိုက်မှု၊ခြေချောင်းလက်ချောင်းတွေမှာ အမွှေးကျွတ်ခြင်း၊ဒါမှမဟုတ် ပန်းသေပန်းညှိုးဖြစ်ခြင်း
- ကာလတာရှည်ဝမ်းချုပ်နေခြင်း သို့မဟုတ် ဝမ်းပျက်ခြင်း တို့လို အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာများ
- မျက်စိ၊သွေးကြောနဲ့ကျောက်ကပ်ထိခိုက်ခြင်း
Hyperglycemia အခြေအနေပြင်းထန်တဲ့အခါ အရေးပေါ်ကုသမှု
ပြင်းထန်တဲ့ သွေးတွင်းသကြားဓါတ်မြင့်တက်မှုလက္ခဏာတွေဖြစ်လာရင် အရေးပေါ်ခန်း သို့မဟုတ်ဆေးရုံတင် ကုသရနိုင်ပါတယ်။ အရေးပေါ်ရှေးဦးသူနာပြုနည်းကတော့သွေးတွင်းသကြားဓါတ်ကို ပုံမှန်ပြန်ဖြစ်စေဖို့ပဲဖြစ်ပါတယ်။
အရည်ဓါတ်ပြန်လည်ဖြည့်တင်းခြင်း –ရေဓါတ်ပြန်လည်ပြည့်ဝလာတဲ့အထိ ပါးစပ်မှတဆင့် သို့မဟုတ်သွေးကြောမှတဆင့် အရည်ဓါတ် သွင်းပေးရပါလိမ့်မယ်။ ဒီအရည်ဓါတ်တွေက ဆီးမကြာခဏသွားခြင်းကြောင့်ဆုံးရှုံးသွားတဲ့အရည်ပမာဏကိုပြန်လည်ဖြည့်တင်းပေး မှာဖြစ်ပြီးသွေးထဲမှာပိုလျှံနေတဲ့ သကြားဓါတ်တွေကိုလျော့ကျသွားစေနိုင်ပါတယ်။
ဓါတ်ဆားဖြည့်တင်းခြင်း – ဓါတ်ဆား(electrolytes )တွေက ခန္ဓါကိုယ်တစ်ရှူးတွေကို လုပ်ဆောင်ချက်မှန်ကန်စေဖို့လိုအပ်တဲ့သွေးတွင်းသတ္ထုဓါတ်တွေဖြစ်ပါတယ်။ အင်ဆူလင်မရှိတဲ့အခါသွေးထဲက ဓါတ်ဆားပမာဏကိုလျော့ပါးစေနိုူင်ပါတယ်။ ဒါ့ကြောင့် နှလုံး၊ကြွက်သား၊နဲ့အာရုံကြောဆဲလ်တွေကို ပုံမှန်အတိုင်းလုပ်ဆောင်ချက်ရှိစေဖို့သွေးကြောကတဆင့်electrolytesတွေကိုသွင်းရပါတယ်။
အင်ဆူလင်ကုထုံး – အင်ဆူလင်ကသွေးထဲမှာketonesတွေများပြားစုပုံစေတဲ့ဖြစ်စဉ်တွေကိုပြောင်းလဲကုသပေးနိုင်ပါတယ်။ အရည်ဓါတ်နဲ့ ဓါတ်ဆားတွေအပြင် အင်ဆူလင်ကုထုံးကိုလည်းသွေးကြောကတဆင့် သွင်းရနိုင်ပါတယ်။
ဘယ်လိုကြိုတင်ကာကွယ်မလဲ
hyperglycaemia အခြေအနေပြင်းထန်တာ သို့မဟုတ် တာရှည်နေတာတွေမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းတွေရှိပါတယ် –
- အစားအသောက်ကိုချင့်ချိန်ပါ – သရေစာ စားတဲ့အခါမှာ သတိနဲ့ချင့်ချိန်ပါ သို့မဟုတ် အချိုဓါတ်နဲ့ကာဗိုဟိုက်ဒရိတ်ပါဝင်မှုများတဲ့ အစားအစာတွေစားရင်သွေးတွင်းသကြားဓါတ်မြင့်တက်နိုင်ပါတယ်။
- ကုသမှုကိုသေချာလိုက်နာပါ – အင်ဆူလင် သို့မဟုတ် တခြားဆီးချိုဆေး ကုထုံးများကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာခံယူဖို့ မမေ့ပါနဲ့။
- တတ်နိုင်သမျှ လှုပ်လှုပ်ရှားရှားနေပါ –ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးတာကသွေးတွင်းသကြားဓါတ်မြင့်တက်မှုကို ဟန့်တားနိုင်ပေမယ့် ကိုယ်က ဆီးချိုထိန်းဆေးတွေသောက်သုံးနေတာဆိုရင် ဆရာဝန်နဲ့အရင်ဆုံးစစ်ဆေးသင့်ပါတယ်။ လှုပ်ရှားမှုများလွန်းရင်လည်းဆေးတွေကြောင့်သွေးတွင်းသကြားဓါတ်ကျဆင်းမှုလွန်ကဲတာတွေဖြစ်လာနိုင်လို့ပါ။
- နေမကောင်းဖြစ်ရင် ပိုဂရုစိုက်ပါ –ရောဂါဝေဒနာတစ်ခုခုကြောင့် ခံစားနေရချိန်အတွင်းသွေးတွင်းသကြားဓါတ်ကို ဘယ်လိုထိန်းသိမ်းမလဲဆိုတာကို ဆရာဝန်ပေးထားတဲ့လမ်းညွှန်ချက်အတိုင်း လိုက်နာပါ။
- သွေးတွင်းသကြားဓါတ်ကို အမြဲစောင့်ကြည့်စစ်ဆေးပါ – ကိုယ့်အိမ်မှာပဲသွေးချိုတိုင်းစက်နဲ့ စစ်ဆေးတာက ဆီးချိုအတက်အကျကိုစောစောသိရှိနိုင်ပြီး တားဆီးကုသမှြုမန်စေနိုင်ပါတယ်။
- အချိုမပါတဲ့ အရည်တွေများများသောက်ပါ – ဒီလိုသောက်သုံးခြင်းအားဖြင့်ရေဓါတ်ကိုဖြည့်တင်းပေးနိုင်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။