အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် ကိုယ်ချစ်သူခင်သူနဲ့ အိပ်ယာပေါ် နှစ်ပါးသွားချိန်မှာ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည်မျိုးနဲ့ စိတ်ကျေနပ်မှုပေးချင်ကြတာ သဘာဝပါပဲ။ ဒါပေမယ့် သင်တို့ရဲ့ လိင်စွမ်းဆောင်ရည်နဲ့သက်ဆိုင်တဲ့ အိပ်မက်တွေကို ဆီးချိုရောဂါက ဖျက်ဆီးနိုင်တယ်ဆိုတာကို သိပြီးပြီလား။
အမျိုးအစား -၂ ဆီးချိုရောဂါဟာ အမျိုးသားရော၊ အမျိုးသမီးရောရဲ့ လိင်စွမ်းဆောင်ရည်ကိုကျဆင်းစေပါတယ်။ တကယ်လို့ ကိုယ့်မှာဆီးချိုဝေဒနာရှိနေတယ်ဆိုရင် ဒီအချက်ကို သတိထားသင့်ပါတယ်။
တစ်ခါတစ်ရံ ရုတ်တရက်ကိုယ့်ရဲ့ ချစ်မှုရေးရာစွမ်းဆောင်ရည်ကျဆင်းလာတာမျိုး၊ အိပ်ယာပေါ်မှာ မစွမ်းတော့တာမျိုးတွေ ကြုံဆုံလာရရင် ဆီးချိုရှိမရှိကလည်း ထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။
အမျိုးသားရော အမျိုးသမီးပါ သက်ရောက်နိုင်တယ်
ဟုတ်ပါတယ်။ ဆီးချိုရှိနေရင် အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် လိင်စွမ်းဆောင်ရည်ကျဆင်းသွားနိုင်ပါတယ်။ ဆီးချိုဝေဒနာက သင့်ရဲ့ စိတ်ဆန္ဒ၊ အစွမ်းအစနဲ့ ကျေနပ်မှုတွေအားလုံးကို လျော့ပါးသွားစေမှာပါ။
ဒီလိုဖြစ်စေရတဲ့အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပါပဲ။
- မှီဝဲနေရတဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်
- အဝလွန်လာတာကြောင့်
- သွေးဖိအားကျဆင်းလာတာကြောင့်
- ခွန်အားနည်းပါးလာတာကြောင့်
- စိတ်ဓာတ်ကျလာတာကြောင့်
- ဟိုမုန်းပြောင်းလဲလာတာကြောင့်
- စိတ်ဖိစီးမှု၊ ပူပင်သောကတွေကြောင့်
- ဆီးချိုရောဂါကြောင့်ဖြစ်သောအာရုံကြောရောဂါ (Diabetic Neuropathy) ကြောင့် စတာတဲ့ ပြဿနာတွေကြောင့်ပါပဲ။
ဒီလိုစွမ်းဆောင်ရည်ကျဆင်းလာရင် ကိုယ့်ရဲ့ ဆက်ဆံဖော်နဲ့ ဖြေရှင်းရခက်တဲ့ ကိစ္စတွေ ပြောရဆိုရတာ စိတ်မောဖို့ကောင်းလှပါတယ်။ ဒါပေမယ့် မလွှဲသာမရှောင်သာကြုံရဆုံရတတ်တာမို့ ဆီးချိုမဖြစ်အောင်ကြိုတင်ကာကွယ်ဖို့ ဦးစွာပထမ တိုက်တွန်းပါရစေ။
ဒီလိုမှမဟုတ်ရင်တော့ စွမ်းဆောင်ရည်နည်းလို့ စိတ်ဓာတ်ကျတာနဲ့ ဆီးချိုကြောင့် ခန္ဓာကိုယ်ထိခိုက်လာတာပေါင်းစပ်ပြီး ပိုမိုစိတ်ဓာတ်ကျသွားတာမျိုးတွေ ကြုံဆုံရတတ်တာကြောင့်ပါ။
မလွှဲသာမရှောင်သာ ဆီးချိုဝေဒနာ ခံစားနေရပြီး လိင်စွမ်းဆောင်ရည်ကိုလည်း သိသိသာသာမလျော့ပါးချင်ဘူးဆိုရင်တော့ဖြင့် အောက်ပါနည်းလမ်းတွေကို လိုက်နာပြီး ကြိုးစားကြည့်သင့်ပါတယ်။
- နေ့စဉ် ပုံသေအချိန်မသတ်မှတ်ထားပဲ၊ ဆန္ဒအာသီသပြင်းပြလာချိန်စောင့်ဆိုင်းပြီး လိင်ဆက်ဆံတာမျိုး
- ရေကိုအခြေခံပြီး ထုတ်ထားတဲ့ ချောဆီ ပုံမှန်အသုံးပြုပေးတာမျိုး
- ကျွမ်းကျင်သူနဲ့ တိုင်ပင်ပြီး ဆေးဝါးမှီဝဲတာမျိုး
- ဆက်ဆံဖော်ကို ပွင့်ပွင့်လင်းလင်းကြိုတင်ဖွင့်ပြောထားတာမျိုး
- ကျန်းမာစွာနေထိုင်စားသောက်တာမျိုး
- သင့်လျော်တဲ့ ကိုယ်ကာယလေ့ကျင့်ခန်း ပြုလုပ်တာမျိုးတွေ ပြုလုပ်ဖို့သင့်ပါတယ်။