brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဆီးတွေ အရမ်းပူတယ် ဘာကြောင့်လဲ.......

ဆီးသွားလိုက်တိုင်း ဆီးတွေ ကအရမ်းပူနေတယ်။ ဘာကြောင့်များလဲမသိဘူးဆိုပြီး စိတ်ညစ်နေတဲ့ Helloဆရာဝန် ပရိသတ်ကြီးများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ပြောပါရစေ။

ဆီးတွေ အရမ်းပူတယ် ဘာကြောင့်လဲ.......

ဆီးပူတယ် ဆိုတာ

ဆီးဆိုတာက ခန္ဓာကိုယ်ထဲမှာ ပိုနေတဲ့ ရေတွေ၊ ဆားတွေ နဲ့ အခြား ဒြပ်ပေါင်းတွေကို ခန္ဓာကိုယ်ပြင်ပကိုစွန့်ထုတ်တာပါ။ ဒီတာဝန်ကို ကျောက်ကပ်က တာဝန်ယူပေးပါတယ်။ ကျောက်ကပ်က ကိုယ်တွင်းမှာ ရေဓာတ်မျှတစေဖို့ နဲ့ electrolyte တွေမျှတမှုရှိနေစေဖို့ ကျောက်ကပ်ကလုပ်ဆောင်ပေးပြီး ပိုလျှံနေတဲ့အရာတွေကို ဆီးအိမ်ထဲမှာ ခန္ဓာကိုယ်အပူချိန်အတိုင်း သိမ်းဆည်းပြီးမှ ပြင်ပကို ဆီးအဖြစ်နဲ့ စွန့်ထုတ်ပေးပါတယ်။ ဒါကြောင့် ဆီးက ပုံမှန်အားဖြင့်တော့ ခပ်နွေးနွေးပါ။ ဒါပေမယ့် ခပ်နွေးနွေးအဆင့် ထက်ကျော်ရင်တော့ ဆီးပူနေတယ်လို့ ပြောရပါမယ်။

ဆီးပူနေတဲ့ လက္ခဏာတွေ

အပေါ်မှာ ပြောခဲ့သလိုပဲ ဆီးက ပုံမှန်အားဖြင့်ကတော့ ခန္ဓာကိုယ်အပူချိန်နဲ့ အတူတူပါပဲ။ ပုံမှန်အားဖြင့် ဆီးရဲ့ အပူချိန်က ၉၈.၆ ဒီဂရီဖာရင်ဟိုက် (၃၇ ဒီဂီ စင်တီဂရိတ်) မှာရှိပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်မှာ ခန္ဓာကိုယ်အပူချိန်က မတူနိုင်ပါဘူး။ ဆီးဟာ ခန္ဓာကိုယ် ပြင်ပကိုရောက်ရှိပြီး မိနစ် အနည်းငယ်အတွင်း အထိ အပူချိန်ဆက်ရှိနေပါတယ်။ ဆီးပူနေတာကို ပြင်ပအပူချိန်နည်းနေချိန်မှာ ပိုပြီး သတိထားမိနိုင်ပါတယ်။

ဆီးတွေက ပုံမှန်ထက်ပိုပူနေတာ ဘာကြောင့်များလဲ………..

ဆီးကတော့ နဂိုကလည်း ပူတတ်ပါတယ်။ ဒါပေမယ့် ဆီးက ပုံမှန်ထက်ပိုပူနေမယ်ဆိုရင်တော့ ဒီအချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။

အဖျားရှိနေတာ – အဖျားရှိနေချိန်မှာ ကိုယ်တွေပူသလို ဆီးရဲ့အပူချိန်ကလည်း ပုံမှန်ထက်ပိုများနေနိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပြီးချိန် – လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ သွေးတွေပူနေတတ်ပြီး ခန္ဓာကိုယ်အပူချိန်က မြင့်တက်နေသလို ဆီးရဲ့ အပူချိန်ကလည်း မြင့်နေတတ်ပါတယ်။

ကိုယ်ဝန်ဆောင်နေရချိန် – ကိုယ်ဝန်ဆောင်နေရချိန်မှာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်က ဇီဝတွင်းဖြစ်စဉ်က ပုံမှန်ထက်ပိုမြန်နေတတ်ပြီး ခန္ဓာကိုယ်အပူချိန်ကပုံမှန်ထက်ပိုမြင့်နေတတ်ပါတယ်။ ဒါကြောင့် ဆီးကလည်း ပိုပူနေတတ်ပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်တာ – ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါမှာလည်း ဆီးကပူပြီး ဆီးသွားတဲ့အခါတိုင်းမှာလည်း အောင့်နေတတ်ပါတယ်။

လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေခံစားရတဲ့အခါ – လိင်ကတဆင့် ကူးစက်တဲ့ ရောဂါပိုးတွေကို ကူးစက်ခံထားရတဲ့အခါမျိုးမှာလည်း ဆီးကပူနေတာ ဆီးသွားရင် အောင့်နေတာမျိုးတွေခံစားရနိုင်ပါသေးတယ်။

ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ ပြမလဲ………

ဆီးပူတာက အခုလိုမျိုးဖြစ်နေမယ်ဆိုရင်​တော့ ဆရာဝန်နဲ့ ပြကြည့်ဖို့ ပြောပါရစေ။

  • ဆီးသွားလိုက်တိုင်း ဆီးက အရမ်းပူနေမယ်
  • ဆီးသွားတဲ့အခါ အောင့်သလို ခံစားရမယ်
  • ဆီးကနည်းနည်းပဲ သွားလို့ရတယ်
  • ဆီးသွားပြီးတိုင်း ဆီးသွားဖို့ ကျန်နေသေးသလို ခံစားရမယ်
  • ဆီးအရောင်က နောက်နေမယ်
  • အနံ့အရမ်းပြင်းနေမယ်
  • ဆီးထဲမှာ သွေးပါနေမယ်
  • ခဏခဏဆီးသွားချင်နေမယ်
  • ခန္ဓာကိုယ်အပူချိန်က ၁၀၃ ဒီဂရီဖာရင်ဟိုက် ( ၃၉ ဒီဂရီ စင်တီဂရိတ်)ထက်ပိုများနေမယ်
  • ၂ ပတ်လောက်အထိ အဖျားက ၁၀၁ ဒီဂရီဖာရင်ဟိုက် (၃၈ ဒီဂရီ စင်တီဂရိတ်) ထက်ပိုများနေမယ်ဆိုရင် ဆရာဝန်နဲ့ သွားပြဖို့လိုပါမယ်။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/04/2022 ဖြစ်ပါသည်။