brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သောက်ရေ ကပေးတဲ့ အသားအရေလှပမှု

နေ့တိုင်း ရေ ၈ ခွက် သောက်ဖြစ်ရဲ့လား။ တစ်နေ့တာမှာ ရေ လုံလောက်အောင် သောက်သုံးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက် အကောင်းဆုံး ထောက်ပံ့ ပေးနိုင်ပါတယ်။ နေ့စဉ် ရေဓာတ်ပြည့်ဝလုံလောက်အောင် သောက်သုံးမှုက အသားအရေကိုလည်း ကျန်းမာစေနိုင်ပါသေးတယ်နော်။

သောက်ရေ ကပေးတဲ့ အသားအရေလှပမှု

ကဲ….. သောက်ရေက အလှအပအတွက် ဘယ်လိုများ အထောက်အပံ့ပေးနိုင်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား………..

သောက်ရေ

သောက်ရေလို့ ပြောလိုက်ရင် ထွေထွေထူးထူး ပြောဖို့လိုမယ် မထင်ပါဘူး။ အရောင်အဆင်း အနံ့အရသာ ကင်းရမယ်။ အမှုန်တွေ ကင်းမယ်ဆိုရင် သန့်စင်တဲ့ သောက်ရေလို့ ပြောလို့ရပါတယ်။

တစ်နေ့ကို ရေ ဘယ်နှခွက် သောက်ရမလဲ………..

လူတစ်ယောက်အနေနဲ့ ခန္ဓာကိုယ်ရဲ့ ၇၀ ရာခိုင်နှုန်းလောက်ကို ပါဝင်ဖွဲ့စည်းထားတဲ့ ရေဓာတ် ပြည့်ဝဖို့ဆိုရင် တစ်နေ့ကို အနည်းဆုံး ရေ ၈ ခွက် သောက်ဖို့လိုပါမယ်။ ဒီလိုမှ မသောက်ဘူးဆိုရင် ရေဓာတ်မလုံလောက်မှု ပြဿနာတွေကို ခံစားရမှာပါ။

ရေသောက်ပေးရင်း ရမယ့် အသားအရေ ကျန်းမာမှုက ဘာလဲ…………

တစ်နေ့ကို အနည်းဆုံး ရေ ၈ ခွက် ဒါမှမဟုတ် ၈ ခွက်နဲ့အထက် သောက်သုံးမယ်ဆိုရင်

အဆိပ်အတောက်တွေ ဖယ်ရှားပေးနိုင်တယ်

တစ်နေ့တာမှာ လုံလောက်တဲ့ ရေပမာဏ သောက်သုံးပေးမယ်ဆိုရင် ကိုယ်တွင်းက အဆိပ်အတောက်တွေကို အကောင်းဆုံး ဖယ်ရှားပေးနိုင်မှာပါ။ ဒီလို ဖယ်ရှားပေးမှုက ကိုယ်တွင်းက အရေးပါတဲ့ အစိတ်အပိုင်းတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေမှာဖြစ်ပြီး ဆဲလ်တွေကိုလည်း အောက်ဆီဂျင်နဲ့ လုံလောက်တဲ့ အာဟာရတွေ ရရှိစေမှာပါ။ ဒါကြောင့် ဝမ်းမှန်ပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်စေဖို့ ရေသောက်ပေးပါ။

ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်

ဝက်ခြံက လူတိုင်းလိုလိုမှာ ဖြစ်တတ်တဲ့ အရေပြားပြဿနာတစ်ခုပါ။ ဝက်ခြံဖြစ်ရတဲ့ အဓိက အကြောင်းအရင်းတစ်ခုက ကိုယ်တွင်းမှာ အဆိပ်အတောက်တွေ များနေတာကြောင့်လည်း ပါပါတယ်။ ဒီတော့ ဝက်ခြံတွေ သက်သာစေဖို့ဆိုရင် မနက်ခင်း အိပ်ရာကနေ နိုးတာနဲ့ ရေတစ်ခွက် စသောက်လို့ တစ်နေ့တာမှာ လုံလောက်တဲ့ ရေပမာဏကို သောက်သုံးမိဖို့ ဂရုစိုက်ပါ။

ဒါကြောင့် ရေလုံလောက်အောင် သောက်လို့ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပြီး ဝက်ခြံတွေကို သက်သာအောင် လုပ်ဆောင်လိုက်ပါ။

အရွယ်တင်စေတယ်

ရေဓာတ် ပြည့်ဝလုံလောက်စွာ ရရှိတာက အသားအရေကို တင်းရင်းစေပြီး အရေးအကြောင်းတွေကို သက်သာလျော့ပါးစေ နိုင်ပါတယ်။ ရေဓာတ် ပြည့်ဝမှုက အသားအရေ တင်းရင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးတာပါပဲ။

ရေဓာတ်ပြည့်ဝတဲ့ လေဒီလေးတွေက အသားအရေ တင်းရင်းပြီး အရွယ်တင်ကြပါတယ်။ ဒါကြောင့် အရေးအကြောင်း ကင်းတဲ့ အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် နေ့စဉ် ရေ လုံလုံလောက်လောက် သောက်ပေးပါ။

နေလောင်တာကို သက်သာစေနိုင်တယ်

နွေပူလာတဲ့အခါ နေလောင်ခံရနိုင်ခြေက တော်တော်လေးများပါတယ်။ နေလောင်တာက ပြင်းထန်တဲ့ အရေပြားပြဿနာ မဟုတ်ပေမယ့် တော်တော်လေး ခံရခက်ပါတယ်။ ဒါကြောင့် နေလောင်ခံရပြီဆိုရင် အသားအရေကို ပြန်ကျန်းမာလာစေဖို့ ရေများများသောက်ပေးပါ။ ရေဓာတ်ပြည့်ဝတဲ့ အသားအရေက ကျန်းမာပြီး နေလောင်တာကို အချိန်တိုတိုနဲ့ သက်သာစေနိုင်မှာပါ။

အသားအရေ ကြည်လင်စေတယ်

အသားအရေလေး ကြည်လင်နေတာက ကိုယ်တွင်းမှာ အဆိပ်အတောက် နည်းလို့ပါ။ ဒီလို အဆိပ်အတောက် ကင်းစေဖို့ အကောင်းဆုံး လုပ်ဆောင်ပေးလို့ရတဲ့ အလွယ်ကူဆုံး နည်းလမ်းက ရေဓာတ် လုံလောက်ပြည့်ဝတာပါ။ ရေများများသောက်လေ အသားအရေက ကြည်လင်လာလေလေပါ။ ဒါကြောင့် အသားအရေလေး ကြည်လင်ချင်တယ်ဆိုရင် ရေသောက်ပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 22/10/2021 ဖြစ်ပါသည်။