brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မိတ်ပျောက် သွားတဲ့အခါ အမာရွတ်လေးတွေကြောင့် အရုပ်မဆိုးစေဖို့

နွေရာသီမှာ မိတ်ပေါက်တာမဆန်းပေမယ့် မိတ်ပျောက် သွားရင်တော့ဖြစ်ကျန်ခဲ့တဲ့ အမာရွတ်တွေကို သူများမြင်ရင်တော့ ဆန်းနေမှာနော်။ မိတ်ဖုလေးတွေပျောက်သွားရင် ကျန်ခဲ့တဲ့အကွက်လေးတွေက ညှင်းတွေလိုလို၊ ပွေးတွေလိုလို အထင်ခံရတာတော်တော်ဆိုးပါတယ်။ သူကတော့ အန္တရာယ်မပေးနိုင်ပေမယ့်နေရခက်စေတာရယ်၊ အမာရွတ်ကျန်တာရယ် ကြောင့် မိတ်ပေါက်လာတာနဲ့ ကိုယ်သက်သာမယ့်နည်းလမ်းကို ရှာရပါတော့တယ်။

မိတ်ပျောက် သွားတဲ့အခါ အမာရွတ်လေးတွေကြောင့် အရုပ်မဆိုးစေဖို့

မိတ်ဖုတွေဟာ အပူချိန်ပြင်းလွန်းလို့ အရေပြားက တုံ့ပြန်လာတဲ့အရာပါ။ ချွေးထွက်ပြွန်တွေ ပိတ်ဆို့ပြီး အရေပြားထဲမှာ ချွေးတွေငုပ်သွားတဲ့အခါ မိတ်ထွက်လာပါတယ်။ နီနီဖုအသေးလေးတွေ ခပ်ကျဲကျဲ သို့မဟုတ် အပြင်လိုက်ထွက်တတ်တဲ့ မိတ်ဖုလေးတွေက အများအားဖြင့် အဝတ်အစားနဲ့ ဖုံးအုပ်ထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာပါ ဖြစ်လာတတ်တယ်။ ဥပမာ ကျော၊ လည်ပင်း၊ ရင်ဘတ်၊ ချိုင်းကြား၊ ဗိုက် တို့မှာပေါ့။ ဒါပေမယ့် အမာရွတ်ကျန်ရင်ကျ လူမြင်လောက်တဲ့ လက်မောင်းနဲ့ချိုင်း ဒါမှမဟုတ် လည်ပင်းမှာဆို လက်ပြတ်လေးလည်း မဝတ်ရဲ၊ လည်ပင်းပေါ်မှာစိုးလို့ ဆံပင်လည်း လှန်မတင်ရဲဖြစ်ရတာတွေ ရှိပါတယ်။

အချိန်တန်ရင် သူ့အလိုလိုပျောက်ကင်းမှာဆိုပေမယ့် နေရခက်တာတွေ သက်သာအောင်၊ အမာရွတ်မကျန်အောင် ဒီအချက်တွေ ဂရုစိုက်ပေးလိုက်ပါ။

ဒါဆို မိတ်ပျောက် ဖို့ စိုးရိမ်စရာ မလိုတော့ဘူးပေါ့။

-ချွေးအလွန်အကျွံမထွက်အောင် နေပူထဲ သိပ်မထွက်ဖြစ်ဖို့၊ နေမလောင်ဖို့ သတိပြုပါ။ တတ်နိုင်သလောက် အရိပ်ထဲနေပါ။

မိတ်ပျောက် သွားတဲ့အခါ အမာရွတ်လေးတွေကြောင့် အရုပ်မဆိုးစေဖို့

-လေဝင်လေထွက်ကောင်းပြီး အသားအေးတဲ့ အဝတ်အစားတွေ ဝတ်ပါ။ ပူအိုက်စေပြီး ချွေးမစုပ်တဲ့အသားတွေ ဝတ်ရင် ပိုဆိုးစေနိုင်တယ်။

– အဝတ်အစားကျပ်ကျပ်တွေ မဝတ်ပါနဲ့။ အသားမှာ ကပ်မနေဘဲ ချောင်ချိတာကို ရွေးပါ။

-ရေတစ်နေ့နှစ်ကြိမ် ချိုးပါ။ သိပ်မပြင်းတဲ့ ဆပ်ပြာကိုပဲ သုံးပါ။

– အရေပြားကို မပွတ်တိုက်ပါနဲ့။ ရေချိုး၊ ဆပ်ပြာတိုက်တဲ့အခါ ဖြစ်ဖြစ်၊ ရေသုတ်တဲ့အခါဖြစ်ဖြစ် အသာအယာပဲ ထိတွေ့ပါ။ မိတ်ဖုတွေ ပွန်းပဲ့ပေါက်ပြဲရင် အမာရွတ်ကျန်မှာ သေချာပါတယ်။

– အရေးကြီးဆုံးနဲ့ လိုက်နာရအခက်ဆုံးအချက်က မကုတ်ဖို့ပါပဲ။ မိတ်တွေက မခံနိုင်အောင် ယားတတ်တာမို့ မကုတ်မိအောင် ထိန်းပါ။ အမာရွတ်ကျန်နိုင်တဲ့ အဓိကအချက်ဖြစ်ပါတယ်။

– သနပ်ခါးလိမ်းပါ။ အပူကြောင့်ဖြစ်တဲ့ မိတ်ဖုတွေကို သနပ်ခါးရဲ့အအေးဓာတ်နဲ့ကုစားပါ။ မြန်မြန်ချပ်ရပ်သွားပါလိမ့်မယ်။ သိပ်မပျစ်တဲ့ ရေကျဲလေးတော့ဖြစ်ပါစေ။

– အရေပြားကို မခြောက်သွေ့အောင် ဂရုစိုက်ပါ။ ရေဓာတ်ဖြည့်ပေးတဲ့ အစိုဓာတ်ထိန်းပစ္စည်း (moisturizer )တစ်ခုခုလိမ်းပါ။ ဓာတုပစ္စည်းမပါတာကိုသုံးပါ။ သဘာဝပစ္စည်းအခြေခံတဲ့ ဂျယ်လ်ဆို ပိုကောင်းပါတယ်။ ဥပမာ ရှားစောင်း သို့မဟုတ် သခွားသီးဂျယ်လ်လိုမျိုး။

မိတ်ပျောက် သွားတဲ့အခါ အမာရွတ်လေးတွေကြောင့် အရုပ်မဆိုးစေဖို့

ရေများများသောက်ပါ။ ရေဓာတ်က ပိတ်ဆို့နေတဲ့ ချွေးပေါက်တွေကို ပွင့်စေပြီး အပူဖုတွေကြောင့် အရေပြားပူလောင်မှုကို သက်သာစေပါတယ်။

-လေသလပ်ခံပေးပါ။

ဒါပေမယ့်

  • မိတ်ဖုတွေ များနေတာ၊
  • ဆိုးရွားလာတာ၊
  • အနာဖုတွေကြီးလာတာဆိုရင် ဆရာဝန်ပြပါ။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 16/03/2022 ဖြစ်ပါသည်။