
ဘတ်စ်ကားစီးတယ်ဆိုရင်လည်း မိန်းကလေးရဲ့ ကျော၊တင်ပါး စတာတွေကို အမျိုးသားရဲ့ မတော်ရာနဲ့ လိုက်ထိနေတာစသဖြင့် ရှိတတ်ကြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ အဝေးပြေးကားပေါ်မှာ ထိုင်နေတဲ့ အမျိုးသမီးရဲ့ တင်ပါးကို အနောက်ကနေ ခြေထောက်နဲ့ မထိခလုတ်၊ထိခလုတ် ထိုးနေတာကြောင့် ပြဿနာဖြစ်တာကို ကြားလိုက်ကြဦးမှာပါ။
ဒါတွေဟာ အနိုင်ကျင့်တယ်ဆိုတဲ့ အတိုင်းအတာ မကတော့ပါဘူး။’လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်း’ဆိုတဲ့ အဆင့်ကို ရောက်သွားပါပြီ။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်းဟာ ကျား၊ မကြီးငယ်မရွေး ကလေးလူကြီးမဟူ တွေ့ကြုံရနိုင်ပေမယ့် အမျိုးသမီးတွေမှာ အဖြစ်အများဆုံးမို့ ဒီဆောင်းပါးလေးမှာတော့ အမျိုးသမီးတွေ တွေ့ကြုံရတတ်တဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်း အကြောင်းကို အဓိက ဆွေးနွေးသွားပါမယ်။
အခေါ်အဝေါ်နဲ့ စော်ကားခြင်း – လူသားတစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ ဖြစ်တည်မှုကို အခေါ်အဝေါ်အားဖြင့် စော်ကားပြောဆိုခြင်းဟာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်း ဖြစ်ပါတယ်။ဥပမာ ‘အပျက်မ’၊’xxxx ခြောက်’၊’ဘောပြားမ’ အစရှိတဲ့ အသုံးအနှုန်းတွေပဲ ဖြစ်ပါတယ်။ အခေါ်ဝေါ်ခံရသူဟာ ကျားဖြစ်စေ၊မဖြစ်စေ၊ လိင်တူ/လိင်ကွဲစိတ်ဝင်စားသူဖြစ်စေ ထိုသူကို သရော်စော်ကားလိုတဲ့ စိတ်ဆန္ဒနဲ့ ခေါ်ဝေါ်သုံးနှုန်းမယ်ဆိုရင် ဒါဟာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်း မြောက်ပါတယ်။
အထိအတွေ့နဲ့ စော်ကားခြင်း – တကယ်လို့ သင်ဟာ အမျိုးသမီးတစ်ဦးရဲ့ ရင်သားကို ထိတွေ့ကိုင်တွယ်လိုက်ပြီး သူမအနေနဲ့ ဒါကို မနှစ်မြို့ဘူး၊သဘောမတူဘူးဆိုရင် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်းဖြစ်ပါတယ်။ အမျိုးသား/အမျိုးသမီးတစ်ဦးရဲ့ မတော်ရာကို ကိုင်တွယ်ခြင်း(ဥပမာ ယောက်ျားလေးတွေမှာဆိုရင် ပေါင်ခွကြားကို လိုက်ကိုင်ခြင်း၊ရိုက်ခြင်း) ဟာလည်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်းပဲဖြစ်တယ်ဆိုတာ သိထားသင့်ပါတယ်။(အပြောင်အပြက်လုပ်တယ်ဆိုရင်တောင် လက်ခံနိုင်စရာ အကြောင်း မရှိပါဘူး)
မလိုလားအပ်သော အပြုအမူများနဲ့ စော်ကားခြင်း – လူတစ်ယောက်ဟာ (သင်ငြင်းဆိုပြီးတဲ့နောက်မှာတောင်) သင်နဲ့ချိန်းတွေ့ဖို့ ထပ်ခါတလဲလဲ နားပူနားဆာလုပ်နေမယ် ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ အပြုအမူတစ်ခုခု ပြုလုပ်ဖို့ အကြိမ်ကြိမ် တွန်းအားပေး၊ ဖိအားပေးနေတယ်ဆိုရင်လည်း ဒါဟာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်းပဲ ဖြစ်ပါတယ်။
မလျော်ဩဇာသုံးပြီး ဖိအားပေးစော်ကားခြင်း– ကျောင်းမှာ အဆင့်ကောင်းကောင်းရဖို့၊မှတ်ချက်ကောင်းကောင်းရဖို့၊အလုပ်မှာ ရာထူးတိုးဖို့၊လစာတိုးဖို့၊အလုပ်ချိန်အဆင်ပြေဖို့ အစရှိတဲ့ အခွင့်အရေးတွေ ဗန်းပြပြီး သင့်ဆရာ/အထက်လူကြီးက သင့်ဆီက လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ဖို့ ကြိုးစားနေတယ်ဆိုရင် ဒါဟာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်း ဖြစ်ပါတယ်။
လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်းဟာ အပြင်လောကမှာ ဖြစ်ပေါ်နိုင်သလို အွန်လိုင်းပေါ်မှာလည်း ဖြစ်လာနိုင်ပါတယ်။ သင့်ရဲ့ အဝတ်အစားမလုံမခြုံဖြစ်နေတဲ့ပုံ၊ကိုယ်လုံးတီးပုံ ဒါမှမဟုတ် လိင်မှုရေးရာကိစ္စတစ်ခုခုမှာ ပါဝင်ပတ်သက်နေတဲ့ပုံ အစရှိတာတွေကို သင့်ဆီမေးလ်ပို့မယ်၊ messengerကနေ ပို့မယ်၊viberကနေ ပို့မယ်၊လူမှုကွန်ယက်ပေါ်ဖြန့်ဝေမယ် ဒီလိုမျိုးအပြုအမူတွေဟာလည်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်း ဖြစ်ပါတယ်။
သင်အခုခံစားနေရတဲ့ ကိစ္စဟာ အနိုင်ကျင့်ခြင်းဆိုတဲ့ အဆင့်မဟုတ်ဘဲ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခံနေရတယ်ဆိုတဲ့ဘောင်ကို ရောက်နေပြီဖြစ်ကြောင်း သတိချပ်ပါ။
အောက်ဖော်ပြပါ အချက်တွေနဲ့ သင့်ကိုယ်သင် ကာကွယ်ပါ။
ဟုတ်ပြီ။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်းဆိုတာ ဘယ်လိုအရာတွေလဲ၊ဒီလိုမျိုး ခံစားရရင် ဘယ်လိုတွေ တုံ့ပြန်မလဲဆိုတာ ပြောပြပြီးသွားပါပြီ။ အခု နောက်ဆုံးအနေနဲ့ သင်ကိုယ်တိုင်ရော (တမင်တကာဖြစ်စေ၊မတော်တဆဖြစ်စေ) လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးသူ မဖြစ်ရလေအောင် ဘယ်လိုဆင်ခြင်နေထိုင်သင့်သလဲဆိုတာ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
သူငယ်ချင်း အချင်းချင်း စနောက်တာပဲဖြစ်ဖြစ်၊သင်နှစ်သက်တဲ့ မိန်းကလေးတစ်ယောက်ယောက်ကို လူပျိုလှည့်တာပဲဖြစ်ဖြစ် စည်းကျော်ဘောင်ကျော် မဖြစ်ရလေအောင် အောက်ပါအချက်လေးတွေကို ဆင်ခြင်သင့်ပါတယ်။
ကာလံဒေသံကို သတိချပ်ပါ – အင်မတန် ရင်းလှပါတယ်ဆိုတဲ့ သူငယ်ချင်းတွေနဲ့ ပြောမနာဆိုမနာ ပြောင်ပြက်ပြုမူခြင်းဟာ ပုံမှန်ဖြစ်ပေမယ့် သင့်သူငယ်ချင်း(တွေ)နဲ့အတူ သင်မသိသူတစ်ဦးဦးရှိနေရင်တော့ သင့်ကိုယ်အမူအရာ၊နှုတ်အမူအရာတွေကို ဆင်ခြင်သင့်ပါတယ်။
လူတွေကို တံဆိပ်မကပ်ပါနဲ့ – တခြားလူတွေကို ‘အပျက်မ’၊’ဂျော်တကီး’၊’ဘောပြား’ အစရှိတဲ့ စော်ကားမော်ကား အသုံးအနှုန်းတွေနဲ့ မခေါ်ဝေါ်ပါနဲ့။
လက်ငြိမ်ငြိမ်ထားပါ – တစ်ဖက်သားရဲ့ ခွင့်ပြုချက်မရှိဘဲ သူတို့ရဲ့ ခန္ဓာကိုယ်ဘယ်အစိတ်အပိုင်းကိုပဲဖြစ်ဖြစ် လုံးဝ (လုံးဝ) တို့ထိကိုင်တွယ်ခြင်း မပြုပါနဲ့။ အထူးသဖြင့် မတော်တရော် ထိတွေ့မှုမျိုးကို ရှောင်ကြဉ်ရပါမယ်။
တစ်ဖက်သားကို လေးစားပါ – တစ်ဖက်လူက ‘ရပ်’လို့ ပြောရင် ချက်ချင်းရပ်လိုက်ပါ။ သင့်ချစ်သူရည်းစားပဲဖြစ်ဖြစ်၊လုံးဝမသိကျွမ်းတဲ့ သူစိမ်းပဲဖြစ်ဖြစ်ပါ၊ သူတို့က ရပ် လို့ပြောရင်၊မနှစ်မြို့တဲ့ ကိုယ်အမူအရာ၊နှုတ်အမူအရာတွေ ပြလာရင် လုံးဝရပ်လိုက်ပါ။ ချက်ချင်းရပ်လိုက်ပါ။
ကောလဟာလတွေ မဖြန့်ပါနဲ့ – ကိုယ်နဲ့ အတိုင်းအတာတစ်ခုထိ ပတ်သက်ခဲ့ဖူးသူတစ်ဦးရဲ့ ကိုယ်ရေးကိုယ်တာတွေကို (သူ့ခွင့်ပြုချက်မရဘဲ) မဖြန့်ဝေပါနဲ့။ သူ့ကို အရှက်ရစေ၊လူမှုရေး၊စီးပွားရေးတစ်ခုခုမှာ ထိခိုက်စေနိုင်တဲ့ စာသားတွေ၊ဓာတ်ပုံတွေကို အင်တာနက်ပေါ်မှာ ဝေမျှခြင်း မပြုလုပ်ပါနဲ့။
လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်းဟာ ရာဇဝတ်မှုမြောက်တဲ့ ပြစ်မှုတစ်ခုပါ။ ဒါကြောင့် ဒီလိုအခြေအနေမျိုးနဲ့ ကြုံတွေ့လာရပြီဆိုရင် ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲ၊မိမိကိုယ်တိုင်လည်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးသူမဖြစ်ရလေအောင် ဘယ်လို ဆင်ခြင်နေထိုင်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး လေ့လာသိရှိခြင်းအားဖြင့် မလိုလားအပ်တဲ့ ပြဿနာတွေကနေ ရှောင်လွှဲနိုင်မှာဖြစ်ကြောင်း တင်ပြမျှဝေပေးလိုက်ရပါတယ်။