38 ပတ် အရွယ် ကလေးလေးက ၄၉ စင်တီမီတာ ၃.၁ ကီလိုလောက် ရှိပါပြီ။ ဖွံ့ဖြိုးတာနှေးသွားပြီဆိုပေမယ့် အဆီတွေကတော့ ဆက်ဖွံ့ဖြိုးနေတုန်းပါပဲ။ မေမေတွေရဲ့ ကိုယ်အလေးချိန်က မတက်တော့ဘဲ ကျတောင်ကျနေမှာပါ။ ကလေးလေးက ရေမြွာရည်တွေကို စုပ်ဖို့၊ မျိုချဖို့ ကြွက်သားတွေ ဖွံ့ဖြိုးနေပြီဆိုတော့ အူလမ်းကြောင်းမှာအညစ်အကြေးတွေ ရှိနေပါပြီ။ အူကနေကွာကျတဲ့ ဆဲလ်တွေ၊ အရေပြားက ဆဲလ်သေတွေ၊ မွေးညင်းလေးတွေက အစိမ်းပုတ်ရောင် အညစ်အကြေးတွေအဖြစ် စုသွားပါတယ်။

အခုဆို ကလေးလေးက အောက်ကိုဆင်းလာပြီး ဆီးအိမ်ကိုဖိလာတာကြောင့် ဆီးခဏခဏသွားနေမှာပါ။
သားသားလေးဆိုရင်တော့ မွေးလာပြီး မကြာခင် လိင်တံထိပ်ကို ဖြတ်မဖြတ် ဆုံးဖြတ်နိုင်ပါပြီ။ တချို့က ဒါကိုဘာသာရေးအယူအဆအရလုပ်ကြတယ်။ တချို့လည်း မလုပ်ချင်ကြဘူးပေါ့နော်။ ကလေးဘဝမှာ လိင်တံထိပ်ဖြတ်တာက မြန်လည်း မြန်ပြီး အနာကျက်တာလည်း မြန်ပါတယ်။
မွေးဖို့ ရက်ချိန်းကျော်သွားရင် အနီးကပ်စောင့်ရှောက်ရေးတွေ လုပ်ရပါတယ်။ မေမေတွေရဲ့ ကျန်းမာရေးအခြေအနေ၊ ကလေးကျန်းမာရေးအခြေအနေကို စောင့်ကြည့်မှာပါ။ ရက်ချိန်းက တစ်ပတ်လောက်ကျော်သွားပြီးဆို ကလေးနှလုံးခုန်သံကို စက်နဲ့တိုင်းတာ၊ အာထရာဆောင်းရိုက်ပြီး လှုပ်ရှားမှုတွေ စစ်ဆေးတာ၊ ရေမြွာရည်ပမာဏစစ်တာတွေလုပ်ရပါမယ်။
ကလေးလေးက သားအိမ်ထဲမှာ ဘယ်လိုအနေအထားနဲ့ ရှိလဲဆိုတာသိဖို့ ဆရာဝန်က စစ်ဆေးရပါမယ်။ များသောအားဖြင့်တော့ ခေါင်းနဲ့ မွေးတာက ဆုံနဲ့မွေးတာထက် ပိုလွယ်ပါတယ်။ ဒါ့ပြင် ကိုယ်ဝန်ဆောင်မိခင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး လိုအပ်တာတွေလည်း စစ်ဆေးဦးမှာပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ သက်သောင့်သက်သာမဖြစ်တဲ့ ဝေဒနာတွေ သက်သာဖို့ ဆေးသောက်ရတတ်ပါတယ်။ ဥပမာ အကိုက်အခဲပျောက်ဆေးတွေ၊ အဖျားကျဆေးတွေပါ။ ဆေးတွေသောက်မယ်ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။ တချို့ဆေးတွေက ကိုယ်ဝန်ကို ထိခိုက်စေနိုင်ပါတယ်။
နောက်အပတ်ရောက်ရင် ဆက်တွေ့မယ်နော်။