
ကိုယ်ဝန်ဆိပ်တစ်ခါ တက်တယ်ဆိုတဲ့ ပြဿနာဟာ ကိုယ်ဝန်ဆောင်တော်တော်များများ ကြုံတွေ့ရတတ်တဲ့ ပြဿနာတစ်ခုပါ။ တစ်ခါကိုယ်ဝန်ဆိပ်တက်ဖူးပြီး ကိုယ်ဝန် တစ်ခုခုချွတ်ချော်သွားပြီဆိုတာနဲ့ ခေါင်းထဲရောက်လာတဲ့ မေးခွန်းကတော့ နောက်ကိုယ်ဝန်ထပ်ယူသင့်လား ယူရင်ဒါမျိုး ထပ်ဖြစ်မှာလားဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ ဘယ်သူကတော့ ကိုယ်ဝန်ရပြီးကာမှ ပြန်ပြီး ပျက်ကျသွားတာမျိုး လိုချင်မလဲနော်။ ကိုယ်ဝန်ဆောင်ရတာ လွယ်တဲ့ အလုပ်မှ မဟုတ်တာ။ ဒီတော့ ကိုယ်ဝန်ဆိပ်တစ်ခါတက်ဖူးရင် နောက်ကိုယ်ဝန်ကို ထိခိုက်နိုင်လား၊ ဘယ်လိုတွေ ဖြစ်နိုင်လဲဆိုတဲ့အကြောင်းလေးတွေ ပြောပြပေးချင်ပါတယ်။ ချိန်ဆလို့ရတာပေါ့။ ။
လေ့လာချက်တွေအရ အရင်တုန်းက ကိုယ်ဝန်ဆိပ်တစ်ခါ တက်ဖူးခဲ့ရင် နောက်ကိုယ်ဝန်မှာ ကိုယ်ဝန်ဆိပ်တက်နိုင်ချေ ၂၀ ရာခိုင်နှုန်းရှိတယ်လို့ဆိုပါတယ်။ နောက်ကိုယ်ဝန်မှာ ကိုယ်ဝန်ဆိပ်တက်နိုင်ချေ အနည်းအများကတော့ အရင်က ဖြစ်ဖူးတဲ့ ကိုယ်ဝန်ဆိပ်တက်ခြင်း ဘယ်လောက်ပြင်းထန်လဲဆိုတာနဲ့ ကိုယ်ဝန်သည်တွေရဲ့ နေထိုင်စားသောက်မှု ပုံစံပေါ် မူတည်ပြီး ကွဲပြားသွားပါတယ်။
ဒါကြောင့် အရင်ကိုယ်ဝန်မှာ ကိုယ်ဝန်ဆိပ်တက်ဖူးခဲ့ရင် နောက်တစ်ခေါက်ဆောင်တဲ့ ကိုယ်ဝန်ကို ဆရာဝန်နဲ့ သေချာအပ်ထားပြီး ကိုယ်ဝန်ဆိပ်တက်နိုင်ခြင်း ရှိမရှိကို အမြဲစောင့်ကြည့်နေသင့်ပါတယ်။
ပထမကိုယ်ဝန်တုန်းက ကိုယ်ဝန်ဆိပ်တက်ပြီး ဒုတိယကိုယ်ဝန်ကျ ကိုယ်ဝန်ဆိပ်မတက်ဖူးပေမယ့် နောက်ကိုယ်ဝန်တွေမှာ ကိုယ်ဝန်ဆိပ်တက်နိုင်ချေရှိပါသေးတယ်။ ဒါကြောင့် ကိုယ်ဝန်တိုင်းကို ဆရာဝန်နဲ့ သေချာအပ်သင့်ပါတယ်။ ဒါမှ ကိုယ်ဝန်ဆိပ်တက်တဲ့ လက္ခဏာတွေပြလာရင် အမြန်ဆုံး ကုသမှုခံယူနိုင်မှာပါ။
ကိုယ်က ကလေးထပ်လိုချင်ပေမယ့် ခုပြနေတဲ့ ဆရာဝန်က ကလေးထပ်မယူသင့်တော့ဘူးလို့ ပြောတဲ့အခါ အရမ်းကြီး စိတ်မပျက်သွားပါနဲ့ဦး။ သေချာတိုင်ပင်ပြီး ဖြစ်လာနိုင်တဲ့ ကောင်းကျိုးဆိုးကျိုးများကို သေချာချိန်ဆပြီးမှ ဆုံးဖြတ်ပါ။
ကလေးလိုချင်တာနဲ့ပဲ ကိုယ်ဝန်ဆိပ်တက်ခြင်းက မိခင်ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ ပြဿနာတစ်ခုဆိုတာ မမေ့သင့်ပါဘူး။ ကိုယ့်ရဲ့ ကျန်းမာရေး အခြေအနေကို တစ်ခါ ပြန်ချိန်ဆပြီး နောက်ကိုယ်ဝန်ဆောင်သင့် မဆောင့်သင့် အကြံပေး စစ်ဆေးနိုင်တာ ဆရာဝန်တွေပါပဲ။ အားလုံး စစ်ဆေးပြီးလို့ ဆရာဝန်က မိခင်မှာ အသက်အန္တရာယ်ရှိနိုင်တယ်။ ကလေးထပ်မယူသင့်တော့ဘူးလို့ ပြောခဲ့ရင် အဲဒီ အကြံပေးချက်ကို လိုက်နာပါ ။ တစ်ခါကိုယ်ဝန်ဆိပ်တက်ဖူးလို့ မိခင်ကို ထိခိုက်နိုင်တာကြောင့် နောက်ကိုယ်ဝန် ထပ်မယူတော့ဘူး ဆုံးဖြတ်ထားတဲ့ အမျိုးသမီးတွေ ကမ္ဘာမှာ ဒုနဲ့ဒေးပါ။ သင့်ကျမှ ကံဆိုးလိုက်တာဆိုးပြီး တွေးမနေပါနဲ့။