ဘဝရဲ့တစ်ချိန်ချိန်မှာ ယောက်ျားတွေဟာ လိင်တံမထောင်မတ်နိုင်တော့ခြင်း (ပန်းသေပန်းညှိုးခြင်း)နဲ့ ကြုံတွေ့ရနိုင်ပါတယ်။ လိင်တံ မထောင်မတ်နိုင်ခြင်း(ပန်းသေပန်းညှိုးခြင်း) ဆိုတာ ဘာလဲ။ ဘယ်လိုဖြေရှင်းကြမလဲ။ ယခုဖော်ပြမဲ့ ဆောင်းပါးဟာ ယင်းအခြေအနေနဲ့ပတ်သတ်တဲ့ သိသင့်သိထိုက်တာတွေကို ပြောပြပေးမှာပါ။
လိင်တံ မထောင်မတ်နိုင်တော့ခြင်း ဆိုဘာလဲ။
လိင်တံမထောင်မတ်နိုင်ခြင်း ဒါမှမဟုတ် ပန်းသေပန်းညှိုးခြင်းဆိုတာ ယောက်ျားတစ်ယောက်ဟာ လိင်ဆက်ဆံရန်အတွက် အမျိုးသားတန်ဆာဟာ မထောင်မတ်ပေးနိုင်ခြင်းကို ခေါ်ပါတယ်။
တစ်ခါတစ်လေဖြစ်တယ်ဆိုပါက သိပ်တော့စိတ်ပူစရာမလိုပါဘူး။ ဒါပေမဲ့ ယင်းအခြေအနေက ဆက်တိုက်ဖြစ်နေပြီဆိုပါက စိတ်ဖိစီးမှု၊ ကို့ကိုယ်ကို ယုံကြည်မရှိတော့ခြင်းနှင့်၊ ကိုယ့်အဖော်နဲ့ အဆင်မပြေမှုများ ရှိလာနိုင်ပါတယ်။ ဒါ့အပြင် ရေရှည်မထောင်မတ်နိုင်ခြင်းက မိမိကျန်းမာရေးဟာ အမြန်ကုသဖို့လိုနေပြီဆိုတဲ့ လက္ခဏာတစ်ခုပါပဲ။
တစ်ခါတစ်ရံ ရောဂါရဲ့အကြောင်းအရင်းကို ကုသတယ်ဆိုရုံနဲ့ ပန်းသေပန်းညှိုးခြင်းဟာ ပျောက်ကင်းနိုင်ပါတယ်။ တစ်ခြားတစ်ဖက်မှကြည့်ရင်လည်း ပန်းသေပန်းညှိုးခြင်း ကုသခြင်းမှာ ဆေးဝါးဖြင့်ကုသခြင်းနှင့် အခြားသော တိုက်ရိုက်ကုသခြင်းများ ပါဝင်နိုင်ပါတယ်။
ဆရာဝန်ပြဖို့ ရှက်ကြောက်တွန့်ဆုတ် နေကောင်းနေနိုင်သော်လည်း သီတင်းပတ်အနည်းငယ်ထိကျော်ပြီး ပန်းသေပန်းညှိုးခြင်း ဖြစ်နေပါက ဆရာဝန်ထံမှ အကူအညီတောင်းသင့်ပါတယ်။ ဆရာဝန်က အရင်ဆုံး သင့်ကျန်းမာရေးအခြေအနေကို သိဖို့ စမ်းသပ်စစ်ဆေးမှုပေါင်းများစွာ လုပ်ပါလိမ့်မယ်။ ပြီးနောက် သင်က နှလုံးရောဂါ ကဲ့သို့သော စိုးရိမ်ရတဲ့ အခြေအနေမျိုးလားဆိုတာကို ဆုံးဖြတ်ပေးပါလိမ့်မယ်။
ဘာကြောင့် ပန်းသေပန်းညှိုးခြင်း ဖြစ်တာလဲ။
ပန်းသေပန်းညှိုးခြင်းဆိုတာ ရုပ်ပိုင်းဆိုင်ရာကြောင့် ဖြစ်နိုင်သလို စိတ်ပိုင်းဆိုင်ရာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာကြောင့်ဖြစ်တဲ့ အရာတွေကတော့
• လိင်တံကို ထောက်ပံ့ပေးနေသော သွေးကြောများ ကျဉ်းနေခြင်း-သွေးတိုး၊ ဆီးချို၊ အဆီများတာတွေနဲ့ တော်တော်လေး ဆိုင်ပါတယ်
• ဟော်မုန်းများ ဖောက်ပြန်နေခြင်း၊
• ခွဲစိတ်ကုသမှု ခံယူခဲ့ခြင်း (သို့) ထိခိုက်ဒဏ်ရာများ ရခဲ့ခြင်း တို့ဖြစ်ပါတယ်
ပန်းသေပန်းညှိုးခြင်းဖြစ်စေတဲ့ စိတ်ပိုင်းဆိုင်ရာ တရားခံတွေကတော့
• ပူပန်သောကများခြင်း
• စိတ်ဓါတ်ကျခြင်း
• လူမှုရေး အဆင်မပြေခြင်းတို့ဖြစ်ပါတယ်။
ပန်းသေပန်းညှိုးခြင်း ကို ကာကွယ်ဖို့ ဘာတွေ လုပ်ရမလဲ။
၁။ သောက်မယ့် ဆေးတွေကို သေချာဂရုပြုပါ။
ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူနိုင်တဲ့ အချို့သော ဆေးဝါးများ (ဓါတ်မတည့်တာနဲ့အအေးမိခြင်းအတွက်ဆေးများ)၊ ဆရာဝန်ညွှန်ကြားထားတဲ့ စိတ်ကျရောဂါ အတွက် ဆေးများ၊ သွေးတိုးသွေးကျဆေးများ၊ မူးယစ်ဆေးဖြတ်ထားတဲ့လူများအတွက် ဆေးများ နဲ့ antihistamines တွေက သင့်လိင်စွမ်းရည်ကို ထိခိုက်စေပါတယ်။ ဒါကြောင့် အဲဒီဆေးတွေမသောက်ခင်မှာ သင့်ရဲ့စွမ်းရည်ကို ထိခိုက်နိုင်လား ဆိုတာကို သေချာဆွေးနွေးတိုင်ပင်သင့်ပါတယ်။
၂။ ဗိုက်မပူလာစေရန် ထိန်းပေးပါ။
ခါးဆိုဒ်၃၉လက်မ နှင့်အထက်ရှိတဲ့ယောက်ျားတွေက ခါးဆိုဒ်၃၅နှင့်အောက်ရှိတဲ့ ယောက်ျားတွေထက် ပန်းသေပန်းညှိုးဖြစ်နိုင်ခြေ နှစ်ဆပိုများပါတယ်။ ဒါ့အပြင် ဗိုက်ပူခြင်းက သင့်လိင်တံအတွက် အန္တရယ်ရှိနိုင်ပါတယ်။
၃။ ဆေးလိပ်ဖြတ်ပါ။
ဆေးလိပ်သောက်ခြင်းက သင့်လိင်တံထောင်မတ်နိုင်စွမ်းကို အမှန်တကယ် ထိခိုက်စေမှာပါ။ ဘာကြောင့်လဲဆိုတော့ ဆေးလိပ်သောက်ခြင်းက သွေးကြောတွေကို ပျက်စီးစေကာ လိင်တံရှိ ကြွက်သားတွေကိုပျက်စီးစေပြီး သင့်ကိုယ်မှာရှိတဲ့ သွေးစီးဆင်းမှုကို နှောက်ယှက်လို့ပဲ ဖြစ်ပါတယ်။
၄။ စိတ်ဖိစီးမှုတွေ ကင်းအောင်လုပ်ပါ။
စိတ်ပူပန်ကြောင့်ကြခြင်းတွေက သင့်ရဲ့အိပ်ရာပေါ်ကစွမ်းဆောင်ရည်ကို ထိခိုက်စေတယ် ဆိုတာ အမှန်တကယ်ပါပဲ။ အဲဒီအဖြစ်အပျက်တွေက အောင်မြင်ပြီး စိတ်ဖိစီးမှုများတဲ့ ယောက်ျားတွေဟာ အသက်၄၀၊၅၀လောက်မှာ လိင်တံထောင်မတ်ခြင်းနဲ့ပတ်သက်ပြီး ဘာကြောင့် ခက်ခဲနေရလဲဆိုတဲ့ အဓိကအကြောင်းရင်းပါပဲ။
ဆရာဝန်ပြဖို့ ရှက်နေတယ် ဆိုရင်တောင်မှ ပြဖို့ သွားသင့်ပါတယ်။ မှန်မှန်ကန်ကန်မကုသပါက ပန်းသေပန်းညှိုးခြင်းပိုဆိုးလာနိုင်ပြီး သင့်ဘဝကို အပျက်သဘော ဆောင်လာစေပါလိမ့်မယ်။