brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကာကွယ်ဆေးထိုးပြီးလို့ ဘေးထွက်ဆိုးကျိုး ခံစားရရင် နောက်တစ်ကြိမ်ထပ်ထိုးသင့်လား။

Covishield ကာကွယ်ဆေးတွေ စထိုးနေပြီဆိုတော့ (ထိုးတဲ့သူတွေကလည်း ထိုးပြီးပြီဆိုတော့) တချို့တွေက ကာကွယ်ဆေးထိုးပြီးတဲ့ အတွေ့အကြုံတွေကို ပြောပြကြပါတယ်။ ဖျားတယ်၊ ကိုက်တယ် စသဖြင့်ပေါ့။ တချို့ကလည်း ဒီလို ဘေးထွက်ဆိုးကျိုး တွေ ခံစားရရင် နောက်တစ်ခါထပ်ထိုးလို့ ဖြစ်ပါ့မလား။ ဒါ ဓာတ်မတည့်တာ မဟုတ်ဘူးလားဆိုပြီး ပြောကြပါတယ်။

ကာကွယ်ဆေးထိုးပြီးလို့ ဘေးထွက်ဆိုးကျိုး ခံစားရရင် နောက်တစ်ကြိမ်ထပ်ထိုးသင့်လား။

ကိုဗစ်ကာကွယ်ဆေးကြောင့် ဘယ်လို ဘေးထွက်ဆိုးကျိုး တွေ ခံစားနိုင်သလဲ။

လက်ရှိထိုးနေတဲ့ Covishieldနဲ့ ပတ်သက်ပြီး Serum instituteက ထုတ်ပြန်ထားတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

၁၀ယောက်မှာ ၁ယောက်ထက်ပိုပြီး ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးများ

  • ဆေးထိုးထားတဲ့နေရာမှာ ပူတာ၊ နီတာ၊ နာတာ၊ ရောင်ရမ်းတာ
  • မအီမသာဖြစ်တာ
  • နုံးတာ
  • ခေါင်းကိုက်တာ
  • ချမ်းပြီး ဖျားချင်သလိုဖြစ်တာ
  • ကိုယ်လက်ကိုက်တာ

၁၀ယောက်မှာ ၁ယောက်လောက် ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးများ

  • ဆေးထိုးတဲ့နေရာမှာ မာပြီး ဖုနေတာ
  • ဖျားတာ
  • အန်တာ
  • တုပ်ကွေးလိုမျိုး ခံစားရတာ

ကာကွယ်ဆေးထိုးပြီးလို့ ဘေးထွက်ဆိုးကျိုး ခံစားရရင် နောက်တစ်ကြိမ်ထပ်ထိုးသင့်လား။

၁၀၀မှာ ၁ယောက်လောက်ပဲ ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးများ

  • ခေါင်းမူးတာ
  • အစားအသောက်ပျက်တာ
  • ဗိုက်အောင့်တာ
  • အကျိတ်ထွက်တာ
  • ချွေးတွေထွက်ပြီး အသားယားတာ၊ အနီစက်တွေ ထွက်တာ

ဒီထဲမှာ မပါတဲ့ တခြားပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုး တွေလည်း ရှိနိုင်ပါတယ်။ ကာကွယ်ဆေးတွေရဲ့ သဘောတရားအရ ထုတ်လုပ်ပြီးတာတောင် လူထုထဲမှာ ဘေးကင်းရဲ့လားဆိုတာကို ဆက်လက်စစ်ဆေးနေရပါတယ်။

ဒါတွေက ကိုဗစ်ကာကွယ်ဆေးမှမဟုတ်ပါဘူး။ ဘယ်ကာကွယ်ဆေးမဆို ဒီလို ဘေးထွက်ဆိုးကျိုး တွေ ခံစားရနိုင်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးနဲ့ ဓာတ်မတည့်ဘူးဆိုတာကရော

ကာကွယ်ဆေးနဲ့ ဓာတ်မတည့်ဘူးဆိုတာက ကာကွယ်ဆေးမှာပါတဲ့ ဓာတ်ပစ္စည်းတစ်မျိုးမျိုးနဲ့ ဓာတ်မတည့်တာကို ပြောတာပါ။

Covishieldဆို L-Histidine, L-Histidine hydrochloride monohydrate, Magnesium chloride hexahydrate,Polysorbate 80, Ethanol, Sucrose, Sodium chloride, Disodium edetate dihydrate (EDTA), Water for injection တွေ ပါပါတယ်။

Pfizer ကာကွယ်ဆေးဆိုရင်တော့ Polyethylene glycol နဲ့ မတည့်ရင် မထိုးရပါဘူး။

(လက်တွေ့မှာတော့ ဒါတွေနဲ့ တည့်လား မတည့်လားဆိုတာ စမ်းသပ်ဖို့ ခက်ပါတယ်။)

ဓာတ်မတည့်ရင် ဘာတွေ ခံစားရမှာလဲ။

ဓာတ်မတည့်ဘူးဆိုရင် ဆေးထိုးပြီး မကြာခင်မှာပဲ (တချို့ကျတော့လည်း နာရီပိုင်းလောက်နေမှ) အောက်က လက္ခဏာတွေ ခံစားရပါတယ်။

  • အရေပြားမှာ အပိန့်တွေထွက်တာ၊ ယားတာ
  • ရှိန်းတိန်း၊ ဖိန်းတိန်း ဖြစ်လာတာ

ဒါတွေကတော့ သာမန်အခြေအနေပါ။

ပြင်းထန်ဓာတ်မတည့်တာဆိုရင်တော့

  • သွေးပေါင်တွေကျတာ
  • ရင်တုန်လာတာ
  • အသက်ရှူကျပ်ပြီး တရွှီရွှီမြည်လာတာ
  • ပျို့အန်တာ
  • မူးတာ၊ သတိလစ်တာ စတာတွေ ဖြစ်တတ်ပါတယ်။

ကာကွယ်ဆေးထိုးပြီးလို့ ဘေးထွက်ဆိုးကျိုး ခံစားရရင် နောက်တစ်ကြိမ်ထပ်ထိုးသင့်လား။

ပထမတစ်ခါထိုးလို့ ဘေးထွက်ဆိုးကျိုး ခံစားရရင် ထပ်မထိုးရဘူးလား။

လတ်တလောမှာတော့ အပေါ်မှာ ပြောခဲ့တဲ့ ကာကွယ်ဆေးပါ ဓာတ်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်၊ ပထမတစ်ခါထိုးပြီးလို့ ပြင်းထန်ဓာတ်မတည့် အခြေအနေဆိုရင် ဒုတိယတစ်ခေါက်မှာ လုံးဝမထိုးပေးပါဘူး။ ကျန်တဲ့ ဘေးထွက်ဆိုးကျိုးတွေဆိုရင်တော့ ထိုးလို့ရပါတယ်။

ဘေးထွက်ဆိုးကျိုး တွေ ဘာကြောင့် ဖြစ်လာရတာလဲ။

ကာကွယ်ဆေးထိုးတယ်ဆိုတာ ခန္ဓာကိုယ်ထဲကို လှုံ့ဆော်လိုက်တာပါ။ ဒါကြောင့် ကိုယ်ထဲကနေ ပြန်တုံ့ပြန်တဲ့အနေနဲ့ ဖျားတာ၊ ဆေးထိုးတဲ့နေရာမှာ ရောင်တာ ဖြစ်လာပါတယ်။ ဒါက ခုခံအားက ကာကွယ်ဆေးကို ပြန်တုံ့ပြန်လို့သာ ဒီလိုဖြစ်တာပါ။ တချို့ကလည်း ဒါကို တချို့က ဆေးအောင်တယ်လို့ ပြောကြပါတယ်။

ဒါပေမယ့် ဒီလိုခံစားရမှ ဆေးအောင်တယ်လို့ ယတိပြတ်ပြောလို့မရပါဘူး။ တချို့ကျတော့လည်း ထိုးပြီး ဘာမှမဖြစ်တာလည်းရှိပါတယ်။ ခုခံအားနဲ့ပဲ ဆိုင်တာပါ။ဒါတွေက ခုခံအားတုံ့ပြန်မှု သက်သက်ပဲ ဖြစ်ပြီး ကာကွယ်ဆေးနဲ့ ဓာတ်မတည့်တာ မဟုတ်ပါဘူး။ ဘေးထွက်ဆိုးကျိုး လား၊ ဓာတ်မတည့်တာလားဆိုတာကို သေသေချာချာသိဖို့လိုပါတယ်။

ဒါကြောင့် ပထမတစ်ခါထိုးလို့ ဖျားတယ်၊ ဆေးထိုးတဲ့ နေရာက နာတယ်ဆိုတိုင်း ဒုတိယတစ်ခေါက်ကို မထိုးဘဲ နေစရာမလိုပါဘူး။

ဘေးထွက်ဆိုးကျိုး တွေကို မဖြစ်အောင် ကာကွယ်လို့ ရမလား။

ဘေးထွက်ဆိုးကျိုး တွေက ခုခံအားတုံ့ပြန်မှုကြောင့် ဖြစ်တာကြောင့် ကြိုကာကွယ်လို့တော့ မရပါဘူး။ ဒါပေမယ့် ဖြစ်လာရင်တော့ သက်သာအောင်လုပ်လို့ ရပါတယ်။

ကာကွယ်ဆေး ထိုးပြီး ဖျားတယ်၊ ကိုယ်လက်ကိုယ်တယ်ဆို ပါရာစီတမော သောက်လို့ရပါတယ်။ (မထိုးခင်တော့ ကြိုမသောက်သင့်ပါဘူး။ ကြိုသောက်ထားတာက ခုခံအားရဲ့ တုံ့ပြန်မှုကို ထိခိုက်နိုင်လို့ပါ။)

ထိုးတဲ့ နေရာက နာတယ်ဆို ရေခဲဝတ်လေး ကပ်ပေးနိုင်ပါတယ်။ ဆေးထိုးပြီး နောက်ရက်မှာ အာဟာရပြည့်အောင်စား၊ အိပ်ရေး ဝဝအိပ်၊ ဆေးထိုးလို့ နာနေတဲ့ လက်ကို သိပ်အသုံးမပြုပါနဲ့။ တစ်ရက် နှစ်ရက်လောက်နေရင် သက်သာသွားပါပြီ။

ကိုဗစ်ကာကွယ်ဆေးက ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆတဲ့အခါ ကောင်းကျိုးပိုများတဲ့အတွက် ထိုးပေးကြတာပါ။ အရေးပေါ်အသုံးပြုခွင့်ရတာပါ။ ဆေးထိုးပြီး ဖျားတာ၊ နာတာက ရောဂါကာကွယ်နိုင်စွမ်းနဲ့ ယှဉ်ရင် ပြောပလောက်တဲ့ ပြဿနာမဟုတ်တာကြောင့် ပြင်းထန်ဓာတ်မတည့်တာ မဟုတ်ရင် အကြိမ်ပြည့်အောင် ထိုးသင့်ပါတယ်။

[covid_19]

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 02/02/2021 ဖြစ်ပါသည်။