ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်တဲ့ သစ်ကြံပိုးခေါက်ကို ဆေးဖက်ဝင်ပစ္စည်းအနေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက အသုံးပြုခဲ့ကြပါတယ်။ ယနေ့ခေတ်အခါမှာလည်း သိပ္ပံနည်းကျ သုတေသနတွေ ပြုလုပ်ရာမှာ ကျန်းမာရေးအတွက် အကျိုးဖြစ်စေတဲ့ အာနိသင်တွေရှိကြောင်း သိရှိလာရပါတယ်။
ယခုဖော်ပြမယ့် အကြောင်းအရာတွေကတော့ သိပ္ပံနည်းကျ တွေ့ရှိထားတဲ့ သစ်ကြံပိုးခေါက်ရဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။
ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ဖရီးရယ်ဒီကယ်တွေကြောင့် ဖြစ်တတ်တဲ့ ဓာတ်တိုးပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ သစ်ကြံပိုးခေါက်မှာ ပေါ်လီဖီနောလိုမျိုး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများအပြားပါဝင်ပါတယ်။ ဟင်းခတ်အမွှေးအကြိုင်တွေထဲမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းအများဆုံး ပါဝင်ပါတယ်။
ရောင်ရမ်းမှု ကျဆင်းစေသော ပစ္စည်းများပါဝင်ခြင်း
ရောင်ရမ်းမှုဟာ ရောဂါပိုးဝင်ခြင်းနဲ့ တစ်ရှူးများပြင်ဆင်ခြင်းအတွက် အရေးပါတဲ့ ကိုယ်ခန္ဓာရဲ့ တုံ့ပြန်ချက်ဖြစ်ပါတယ်။ ဒါပေမယ့် ရောင်ရမ်းမှုဟာ ကြာရှည်လာတဲ့အခါ ကိုယ်ခန္ဓာအတွက် မကောင်းပါဘူး။ သစ်ကြံပိုးခေါက်မှာ ရောင်ရမ်းမှုကို ကျဆင်းစေတဲ့ အာနိသင်တွေ ပါဝင်ပါတယ်။
သစ်ကြံပိုးခေါက်ဟာ ကိုလက်စထရောကို ကျဆင်းစေပါတယ်။ အကျိုးပြု HDL ကိုလက်စထရောကို တည်ငြိမ်အောင်ထိန်းထားပြီး မကောင်းတဲ့ LDL ကိုလက်စထရောကို ကျဆင်းစေပါတယ်။ တနေ့ကို သစ်ကြံပိုးခေါက် ၁၂၀ မီလီဂရမ်ခန့်ရရှိရင် ဒီအာနိသင်ကို ရရှိနိုင်ပါတယ်။ ကိုလက်စထရောကျဆင်းရင် သွေးတိုးခြင်းကို ကာကွယ်ပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကို ကျဆင်းစေပါတယ်။
အင်ဆူလင်အာရုံခံနိုင်အား ကောင်းမွန်စေခြင်း
အင်ဆူလင်ဟာ ကိုယ်ခန္ဓာရဲ့ ဇီဝဖြစ်ပျက်မှုနဲ့ စွမ်းအင်သုံးစွဲမှုအတွက် အရေးပါတဲ့ဟော်မုန်းဖြစ်ပါတယ်။ သွေးလည်ပတ်ရာမှတဆင့် ဆဲလ်များဆီ သကြားဓာတ်ပို့ဆောင်ရာမှာ မရှိမဖြစ် အရေးကြီးပါတယ်။ အင်ဆူလင်ရဲ့ အာနိသင်မတိုးတဲ့အခါ ဇီဝဖြစ်ပျက်မှုရောဂါစုနဲ့ အမျိုးအစား ၂ ဆီးချိုလို ပြဿနာမျိုးတွေကို ဦးတည်စေပါတယ်။ သစ်ကြံပိုးခေါက်မှာ အင်ဆူလင်အာနိသင်ကို အာရုံခံလုပ်ဆောင်နိုင်စွမ်း တိုးတက်လာအောင် အထောက်အကူပြုပါတယ်။
သွေးတွင်းသကြားဓာတ်ကျစေပြီး ဆီးချိုကျစေခြင်း
ဖော်ပြပြီးခဲ့တဲ့အတိုင်း သစ်ကြံပိုးခေါက်ဟာ အင်ဆူလင်အာနိသင်ကို ပိုမိုအာရုံခံအားကောင်းတာကြောင့် သွေးတွင်းသကြားဓာတ်ကို ကောင်းကောင်းထိန်းပေးနိုင်ပါတယ်။ အစာအိမ်အူလမ်းကြောင်းထဲမှာ ကာဘိုဟိုက်ဒရိတ် ချေဖျက်မှုကို နှေးကွေးစေပါတယ်။ သုတေသနတွေအရ သစ်ကြံပိုးခေါက်ဟာ သွေးတွင်းသကြားဓာတ်ကို ၁၀ – ၂၉ ရာခိုင်နှုန်းထိ ကျဆင်းစေနိုင်ပါတယ်။
ဦးနှောက်ဆဲလ်တွေရဲ့ ဖွဲ့စည်းပုံနဲ့ လုပ်ငန်းတာဝန်တွေ ပျက်စီးတဲ့အခါ အာရုံကြော ချို့ယွင်းမှုရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဥပမာ အယ်လ်ဇိုင်းမားနဲ့ ပါကင်ဆန်ရောဂါတွေ ဖြစ်ပါတယ်။ သစ်ကြံပိုးခေါက်မှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေဟာ အယ်လ်ဇိုင်းမားရောဂါမှာ စုပြုံလာတတ်တဲ့ ပရိုတိန်းတမျိုးကို တားဆီးပေးနိုင်ပါတယ်။ သစ်ကြံပိုးခေါက်ဟာ အာရုံကြောလျှပ်ကူးပစ္စည်းတွေကို အားဖြည့်ပေးပြီး အာရုံကြောလုပ်ငန်းတာဝန်တွေကို တိုးတက်ကောင်းမွန်စေပါတယ်။
ဘက်တီးရီးယားနှင့် မှိုစွဲခြင်းကို ကာကွယ်ပေးနိုင်ခြင်း
သစ်ကြံပိုးခေါက်မှာပါဝင်တဲ့ Cinnamaldehyde ဟာ ရောဂါပိုးမျိုးစုံကို ကာကွယ်ပေးနိုင်ပါတယ်။ မှိုစွဲခြင်းကြောင့်ဖြစ်တတ်တဲ့ အသက်ရှူလမ်းကြောင်း ရောဂါများကို သက်သာစေနိုင်ပါတယ်။ Listeria နဲ့ Salmonella စတဲ့ ဘက်တီးရီးယားတွေ ပေါက်ပွားခြင်းကို တားဆီးပေးနိုင်ပါတယ်။ ဘက်တီးရီးယားကြောင့် သွားများပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။