brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ရှောက်ရွက် လေးအကြောင်း သိကောင်းစရာ

ရှောက်ရွက် က ထိုင်းအစားအစာတွေတိုင်းလိုလိုမှာ တွေ့ရတတ်တဲ့ အမွှေးအကြိုင်တစ်ခုပါ။ တို့ဟူးသုပ်၊ ငါးဖယ်သုပ်၊ ကင်းမွန်သုပ်တွေထဲထည့်စားရင်လည်း အနံ့အရသာပြည့်စုံစေတဲ့ ဟင်းခတ်အမွှေးအကြိုင်လေးပေါ့။ တို့စားရင်လည်း မွှေးမွှေးလေးနဲ့ ခံတွင်းပါရှင်းသေးတယ်နော်။ ရှောက်ရွက်ရဲ့ အသုံးတည့်မှုက ဒီလောက်ပဲလား။ ဒီထက်မကတဲ့ ကျန်းမာရေးအကျိုးထူးတွေပိုင်ဆိုင်ထားတဲ့ ရှောက်ရွက်လေးအကြောင်း နည်းနည်းလောက် ဆွေးနွေးကြရအောင်လား။

ရှောက်ရွက် လေးအကြောင်း သိကောင်းစရာ

ရှောက်ရွက် မှာဘာတွေပါလဲ

ရှောက်ရွက်မှာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ ဗီတာမင် C၊ ရှောက်မျိုးနွယ်ဝင်အပင်တွေမှာ ပါတဲ့ ဗီတာမင် တစ်မျိုးဖြစ်တဲ့ ဗီတာမင် Pတို့အဓိကပါဝင်နေပါတယ်။

ရှောက်ရွက် လေးအကြောင်း သိကောင်းစရာ

ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိစေနိုင်တာလဲ

ရှောက်ရွက် က ဖလေဗာနွိုက်ကြွယ်ဝစွာ ပါဝင်နေတာကြောင့် နှလုံးရောဂါနဲ့ ကင်ဆာဝေဒနာခံစားနေရသူတွေအတွက် သင့်တော်ပါတယ်။ အစားများလို့ မအီမသာဖြစ်တာ၊ ပင်ပန်းနုံးချိတာ၊ အော့အန်တာ၊ ဗိုက်မကောင်းတာတွေအတွက်လည်း ရှောက်ရွက်ကို ရေစင်စင်လေးဆေးပြီး ဝါးစားလိုက်ရုံပါ။ ဝမ်းသွားနေသူတွေအနေနဲ့ ရှောက်ရွက်နုနုလေးကို ဝါးစားပေးလို့ရသလို ရှောက်ရွက်ပြုတ်ရည် သောက်ပေးလို့လည်း ရပါတယ်။

အနာတွေ၊ ပြတ်ရှဒဏ်ရာတွေ အနာစိမ်းတွေဖြစ်တဲ့အခါမှာလည်း အနာကို ပိုးဝင်ကူးစက်တာမျိုးမဖြစ်စေဖို့ ရှောက်ရွက်ကို ရေစင်အောင်ဆေးပြီး သတ္တုရည်ကို စွတ်ပေးလို့ရပါတယ်။ အဆစ်အမြစ်တွေရောင်တာ၊ အကြောအခြင်တွေရောင်ရမ်းနာကျင်တာကိုလည်း သက်သာစေနိုင်ပါသေးတယ်။ သွေးကြောတွေကို ကျန်းမာစေပြီး ကိုယ်ခံအားစနစ်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။

ရှောက်ရွက် လေးအကြောင်း သိကောင်းစရာ

အာရုံကြောတွေကျန်းမာစေဖို့ အသုံးပြုလို့ရသလို သွေးတိုးတာ၊ အစာခြေစနစ်မှာ ဖြစ်တဲ့အနာတွေကို သက်သာစေဖို့ အတွက်လည်း အသုံးပြုလို့ရပါတယ်။ ညဘက်အိပ်မပျော်သူတွေအတွက်လည်း အစွမ်းထက်တဲ့ သဘာဝဆေးတစ်မျိုးပါ။ အအေးမိတာ၊ အစာမကြေတာ၊ ဝမ်းချုပ်တာ၊ ပန်းနာရင်ကြပ်ခံစားနေရတာ၊ လေပြွန်ရောင်ရမ်းတာ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါခံစားနေရတာ၊ ဗီတာမင် C ချို့တဲ့မှုတွေကို သက်သာစေနိုင်ပါတယ်။ စိတ်ငြိမ်စေပြီး အာရုံကြောတွေကို ကျန်းမာစေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။

ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာခံစားနေရမယ်ဆိုရင်တော့ ရှောက်ရွက်ကို ရေနွေးဆူဆူထဲမှာ ၁၀ မိနစ်လောက်စိမ်ပြီး ရလာတဲ့ အရည်ကို သောက်ပေးပါ။ နေ့စဉ် နှစ်ခွက်ပုံမှန်သောက်ပေးမယ်ဆိုရင် ခေါင်းကိုက်တာ သက်သာသွားမှာပါ။ ပန်းနာရင်ကြပ်ရှိသူတွေအနေနဲ့လည်း ရှောက်ရွက်ကို ဆေးဖြစ်ဝါးဖြစ် စားပေးသင့်ပါတယ်။

ဒီလောက်ဆိုရင်တော့ ရှောက်ရွက်လေးက ဟင်းလျာတွေကိုပဲ အနံ့အရသာပြည့်စုံစေတာလား၊ ကျန်းမာရေးကိုပါ အထောက်အကူပြုလားဆိုတာကို သဲသဲကွဲကွဲသိလောက်မယ်ထင်ပါတယ်နော်။ ရှောက်ရွက် နုနုလေးတွေကို ကျန်းမာရေးအတွက် စားလိုက်ကြရအောင်လား…….

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 07/07/2022 ဖြစ်ပါသည်။