brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်းအန္တရာယ် နှင့် ရေနွေးကြမ်း

ဆီးလမ်းကြောင်းမှာ ကျောက်တည်ခြင်းရဲ့ အစဟာ ကျောက်ကပ်မှာ ကျောက်ဖြစ်စေမယ့်အရာလေးတွေ အနည်ထိုင်စုစည်းရာက စပါတယ်။ ဆီးကျောက်အမျိုးအစား ၄မျိုးရှိတဲ့ အထဲမှာ အများစုဟာ calcium oxalate ကြောင့် ဖြစ်ကြရတာ ဖြစ်ပါတယ်။

ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်းအန္တရာယ် နှင့် ရေနွေးကြမ်း

oxalate ဆိုတာ ကျွန်တော်တို့ နေ့စဉ်စားသောက်နေတဲ့ အစား‌‌အသောက်တွေထဲမှာ ပါဝင်တဲ့ သဘာဝပစ္စည်းတစ်ခုဖြစ်တဲ့အပြင် အသည်းကနေလည်း နေ့စဉ် ထုတ်လုပ်ပါတယ်။ ကျောက်ကပ်ထဲမှာ စပြီးအနည်ထိုင်ဖြစ်တည်လာတဲ့ ကျောက်သေးသေးလေးတွေဟာ များသောအားဖြင့် အန္တရာယ်မရှိဘဲ ဆီးထဲကနေပဲ ခန္ဓာကိုယ် ပြင်ပရောက်အောင် စွန့်ထုတ်လေ့ရှိပါတယ်။ သို့သော်လည်း ကျောက်ဟာ တဖြည်းဖြည်းကြီးလာပြီး ဆီးလမ်းကြောင်း (ဆီးပြွန်)မှာ တစ်သွားတဲ့အခါ နာကျင်မှုဝေဒနာကို စတင်ခံစားရတော့တာပါပဲ။

Tea (လက်ဖက်ရည်ကြမ်း) ဟာ အထက်မှာ ဖော်ပြခဲ့တဲ့ oxalate ကြွယ်ဝစွာပါဝင်တဲ့အတွက် ဆီးလမ်းကြောင်းမှာ ကျောက်တည်တတ်သောသူများအတွက် ရှောင်ကြဉ်ရမယ့် အစားအသောက်တစ်ခုပဲ ဖြစ်ပါတယ်။ သေချာတာက‌တော့ လက်ဖက်ရည် အမျိုးအစားပေါ်မူတည်ပြီး oxalate ပါဝင်မှုနှုန်းလည်း မတူနိုင်ပါဘူး။

ရေနွေးနဲ့စိမ်သောက်တဲ့ လက်ဖက်ခြောက်ထုပ်လေးတွေနဲ့ မြန်မာလူမျိုးတို့ သောက်သုံးလေ့ရှိတဲ့ လက်ဖက်ခြောက်အရွက် ခတ်သောက်တာမျိုးမှာ လက်ဖက်ခြောက် ၁ ဂရမ်တိုင်းမှာ oxalate ၅မီလီဂရမ် ဝန်းကျင်ခန့် ပါရှိပါတယ်။ Green tea နဲ့ oolong tea တို့မှာတော့ လက်ဖက်ခြောက် ၁ ဂရမ်မှာ ၀.၂၃ မှ ၁ မီလီဂရမ်ခန့်သာ ပါဝင်ပါတယ်။ ဒါကြောင့် မိမိဟာ ရေနွေးကြမ်းမသောက်ရမနေနိုင်သူဆိုရင် oxalate ပါဝင်မှုနည်းတဲ့ green teaတို့ herbal tea တို့ကိုသာ ရံဖန်ရံခါ သောက်သုံးပေးနိုင်ပါတယ်။

အခုလို ပူပြင်းလှတဲ့ နွေရာသီများဆိုရင် Iced tea တွေ အသောက်များလှပါတယ်။ ချွေးထွက်များပြီး ရေဓာတ်လိုအပ်နေချိန်မှာ ရေအစား iced tea အများကြီးသောက်လိုက်တာဟာ ဆီးလမ်းကြောင်းမှာ ကျောက်တည်ဖို့အတွက် တွန်းပို့နေသလိုဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ရေဆာရင် ရေ များများသောက်ပါ။ ဒါမှမဟုတ် lemonade သောက်ပါ။ သံပုရာရည်စစ်စစ်မှာ ပါဝင်တဲ့ citrate ဓာတ်ဟာ ဆီးလမ်းကြောင်းမှာ ကျောက်မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

ရေးသားသူ – Dr. Z

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 02/08/2022 ဖြစ်ပါသည်။