brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Negative emotions တွေကို ဘယ်လိုကိုင်တွယ်မလဲ။

Negative emotions ဆိုတာက မကောင်းတဲ့အတွေး၊ မကောင်းတဲ့ ခံစားချက်တွေကို ဆိုလိုတာပါ။ နေ့စဉ်ဘဝမှာ အမြဲပဲ ပျော်စရာတွေချည်းကြုံရမှာတော့ မဟုတ်ပါဘူး။ ဝမ်းနည်းစရာ၊ ဒေါသထွက်စရာတွေလည်း ရံဖန်ရံခါ ကြုံရနိုင်ပါတယ်။ဘယ်လိုကိစ္စရပ်တွေ ကြုံရလဲဆိုတာထက် ဘယ်လိုမျိုး တုံ့ပြန်သလဲဆိုတာက ပိုပြီး အရေးကြီးပါတယ်။

Negative emotions တွေကို ဘယ်လိုကိုင်တွယ်မလဲ။

Negative emotions တွေဆိုတာ

အကြမ်းအားဖြင့်တော့ Negative emotions ၈မျိုးရှိပါတယ်။ ဒါတွေကတော့

ဒါ့ပြင် Negative emotions တွေက ဆတိုးပွားတတ်ပါတယ်။ ဥပမာ တစ်ယောက်ယောက်နဲ့ ပတ်သက်ပြီး ဒေါသထွက်စရာကို တွေးလိုက်မိပြီဆိုရင် အရင်က သူကောင်းခဲ့တာတွေကိုတောင် မမြင်နိုင်တော့ဘဲ ဆက်တိုက် အဆိုးမြင်စိတ်ပဲ ပေါ်လာပါတော့တယ်။ ဒီလိုပဲ တစ်ခုခုကို စိုးရိမ်နေပြီဆိုရင် ဆက်တိုက် စိုးရိမ်စရာတွေပဲ တွေးနေမိတတ်ပါတယ်။ ဦးနှောက်က မကောင်းတာတွေဆို ပိုပြီးမှတ်မိနေတတ်တာကြောင့် အတိတ်က မကောင်းတဲ့ အဖြစ်အပျက်တွေကိုပါ ပြန်တွေးနေမိတတ်ပါတယ်။

Negative emotions တွေက ကျန်းမာရေးကို ဘယ်လိုသက်ရောက်မှု ရှိစေလဲ။

Negative emotionsတွေက ကျန်းမာရေးအပေါ် ကောင်းကျိုးထက် ဆိုးကျိုးကို ပိုပေးပါတယ်။ တကယ်တော့ emotionsတွေထက် ဒီemotionsတွေကို တုံ့ပြန်တဲ့ပုံစံက လူတွေကို ဒုက္ခပေးတာများပါတယ်။ ဥပမာ ဒေါသထွက်စရာနဲ့ ကြုံလို့ ဒေါသထွက်လိုက်တဲ့အခါမျိုးမှာ ကိုယ်ထဲကနေ ကော်တီစောဟော်မုန်းတွေ ထွက်လာပါတယ်။ ဒီဟော်မုန်းက ရေရှည်မှာ ကိုယ်တွင်းက ဆဲလ်တွေ ရောင်ရမ်းမှုကို ဖြစ်စေပါတယ်။

ဒါ့ပြင်

  • အကောင်းအဆိုးကို မတွေးနိုင်တော့ဘဲ စိတ်ခံစားချက်နောက်ပဲ လိုက်တာ
  • ခုခံအား ကျဆင်းတာ
  • သွေးတိုးတာ
  • အစာခြေလမ်းကြောင်းမှာ ပြဿနာတွေ ခံစားရတာ
  • မကြာခဏ အအေးမိဖျားနာတာ
  • ပန်းနာရင်ကျပ်ထတာ
  • အရေပြားမှာ အနီစက်တွေထွက်တာတွေ ဖြစ်တတ်ပါတယ်။

ဒါထက်ပိုဆိုးတာက Negative emotions တွေကို မကြာမကြာခံစားရမယ်။ အချိန်ကြာကြာခံစားရမယ်ဆိုရင် နာတာရှည်ရောဂါတစ်ခုလို ဖြစ်သွားပြီး အသက်တိုနိုင်တာပဲ ဖြစ်ပါတယ်။

Negative emotionsတွေကို ဘယ်လိုကိုင်တွယ်ကြမလဲ။

အဆင့် ၁- ခဏလေး ရပ်လိုက်ပါ။

ဆိုလိုတာက ခံစားချက်ရဲ့ ဆွဲခေါ်ရာနောက်ကို လိုက်ပြီး ဒေါသထွက်လိုက်၊ ဝမ်းနည်းလိုက် လုပ်မနေဘဲ ခဏလေး စိတ်ငြိမ်အောင် ထိန်းလိုက်ပါ။ ဒါမှ အထဲမှာ ဘာဖြစ်နေလဲဆိုတာ ရှင်းရှင်း တွေးနိုင်မှာပါ။ အသက်ပြင်းပြင်း ရှူသွင်း ရှူထုတ် ၁၀ကြိမ်လောက် ဒါမှမဟုတ် ၁-၁၀၀ထိ ဖြည်းဖြည်းရေပြီး စိတ်ငြိမ်အောင် ထိန်းလိုက်ပါ။

အဆင့် ၂- ခံစားချက်တွေကို ရင်ဆိုင်လိုက်ပါ။

ဒေါသထွက်ရင် ဒေါသထွက်တယ်။ ဝမ်းနည်းရင် ဝမ်းနည်းတယ် စသဖြင့် ကိုယ်ခံစားနေရတာကို အသိအမှတ်ပြုလိုက်ပါ။ ခံစားချက်တွေနဲ့ ရန်မဖြစ်၊ ရှောင်မပြေးဘဲ လက်ခံပြီး တည့်တည့်ကြီး ရင်ဆိုင်ချလိုက်ပါ။

အဆင့်၃- ဆင်ခြင်ပါ။

တည့်တည့်ရင်ဆိုင်ပြီးရင်ကို လူက အတော်လေးနေလို့ ကောင်းသွားပါပြီ။ စိတ်ထဲမှာ လက်ခံနိုင်သွားပြီကိုး။ ဒီအဆင့်မှာတော့ ဒီခံစားချက်တွေကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ စဉ်းစားတဲ့အဆင့်ရောက်သွားပါပြီ။

(ဒီနေရာမှာ Negative emotionsတွေကနေ ရှောင်ပြေးဖို့၊ မဟုတ်လောက်ပါဘူးဆိုပြီး ကိုယ့်စိတ်ကိုယ် လှည့်စားဖို့ မပါပါဘူး။ ဒီလိုလုပ်တာာက Negative emotionsတွေကို ပိုဂရုစိုက်မိစေပြီး ဦးနှောက်ကနေ မကောင်းတာတွေကို ဆက်တိုက်တွေးမိစေနိုင်ပါတယ်။)

အဆင့်၄- ကိုယ့်ကိုယ်ကို ကူညီပါ။

ဒီလို Negative emotionsတွေကနေ ရုန်းထွက်ဖို့ စိတ်ခံစားချက်ကို လက်ခံလိုက်တာအပြင် လက်တွေ့ကျတဲ့အချက်တွေကိုလည်း လုပ်ဆောင်သင့်ပါတယ်။ ဥပမာ

  • စိတ်ခံစားချက်ကောင်းစေဖို့

Negative emotionsတွေကို လက်ခံလိုက်ပြီးရင် သူ့နေရာမှာ Positive emotionsတွေ ဝင်လာစေဖို့

-ကိုယ့်ကို စိတ်တက်ကြွစေနိုင်၊ စိတ်သက်သာရာပေးနိုင်တဲ့ စာအုပ်တစ်အုပ်လောက် ဖတ်ပါ။

-ဟာသဗီဒီယိုလေးတွေ ကြည့်ပါ။

-အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ဆော့ပါ။

-အခန်းရှင်းပါ။ ပင်ပန်းလို့ မလုပ်နိုင်ရင် အိပ်ရာလောက်တော့ ရှင်းလိုက်ပါ။

-ကိုယ်သွားချင်တဲ့ နေရာလေးတွေအကြောင်း ဗီဒီယိုလေးတွေ ကြည့်လိုက်ပါ။

  • ကိုယ်ကျန်းမာရေးကို ဂရုစိုက်ပါ။

Negative emotionsတွေ ခံစားရနေချိန်မှာ ဘာမှမလုပ်ချင်ဘဲ အိပ်ရာထဲမှာပဲ ခွေနေချင်တာ သဘာဝပါ။ ဒါပေမယ့် ကျန်းမာရေးအတွက် အခြေခံလိုအပ်ချက်တွေ ဖြစ်တဲ့

-အချိန်မှန်စားတာ

-ရေသောက်တာ

-အိပ်တာ

-ကိုယ်လက်သန့်ရှင်းရေး လုပ်တာတွေကိုလည်း မေ့မထားသင့်ပါဘူး။

ဒေါသထွက်နေတဲ့အချိန်မှာ သူများကို သွားရိုက်လို့တော့ ဘယ်ရပါ့မလဲ။ တချိုု့ကလည်း သူများကို မလုပ်ရရင် ကိုယ့်ဟာကိုယ် ထိခိုက်အောင် လုပ်ပါတယ်။ အဲ့ဒီလို လုပ်မယ့်အစား

-စာရွက်မှာ လျှောက်ခြစ်ပါ။

-ခေါင်းအုံးကို လက်သီးနဲ့ ထိုးပါ။

-ငိုချင်ရင် ငိုချလိုက်ပါ။

-သီချင်တွေ အော်ဆိုလိုက်ပါ။

-စာရွက်တွေ ဖြဲပစ်ပါ။

-စာရေးချပါ။

  • သူများကို ကူညီပါ။

ကိုယ်ကိုယ်တိုင် ခက်ခဲနေချိန်မှာ သူများကို ကူညီလိုက်တာက ကိုယ့်အခြေအနေမဆိုးသေးဘူးဆိုတာ ပြသရာ ရောက်ပါတယ်။

-အိမ်က အမေကိုဖြစ်ဖြစ် အိမ်အလုပ်တွေ ကူညီပေးလိုက်ပါ။

-သူစိမ်းတစ်ယောက်ယောက်ကို ကူညီပေးလိုက်ပါ။ (ဘတ်စ်ကားပေါ်မှာ နေရာဖယ်ပေးတာလည်း ကူညီတာပါပဲ)

-အချိန်အနည်းငယ်လောက်ပေးပြီး ဗော်လံတီယာ လုပ်ကြည့်ပါ။

  • အလုပ်အသစ်တစ်ခု စကြည့်ပါ။

-တစ်ခါမှ မလုပ်ဖူးတဲ့ လက်မှုပညာတစ်ခုခု သင်တာ

-လှုပ်လှုပ်ရှားရှား လုပ်ရတဲ့ လေ့ကျင့်ခန်း တစ်ခုခု သင်တာ (ဥပမာ ယောဂ)

-ဂိမ်းဆော့တာ

-အပင်ပေါက်တစ်ပင် စိုက်ပြီး ဂရုတစိုက်ပျိုးထောင်ကြည့်တာ စတာတွေလုပ်နိုင်ပါတယ်။

ဒီလိုလုပ်လိုက်လို့ ပြဿနာတွေက ပြေလည်သွားပါ့မလားဆိုတော့ ဘယ်ပြေလည်ပါ့မလဲ။ ဒါပေမယ့် ဒီပြဿနာတွေကို ပြန်တုံ့ပြန်တဲ့ ကိုယ့်ရဲ့ ပုံစံကတော့ မှန်သွားပါပြီ။ စိတ်ထဲမှာ ရှင်းသွားတဲ့အတွက် ပြဿနာတွေကို မတူညီတဲ့ အမြင်တစ်မျိုးနဲ့ ဖြေရှင်းနိုင်မှာပါ။ အနည်းဆုံးတော့ Negative emotions တွေကြားမှာ အကြာကြီး မနစ်မြုပ်နေတော့ဘူးပေါ့။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 19/11/2021 ဖြစ်ပါသည်။