brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Tonsil stone ကို ဘယ်လို ဖယ်ရှားမလဲ.......

သွားနဲ့ သွားဖုံးတွေကြောင့် မဟုတ်ဘဲ ခံတွင်းနံ့ ဆိုးစေတဲ့ ပြဿနာကို ဖြစ်စေတာကတော့ အခုပြောပြမယ့် Tonsil stone တွေပါ။ ဒီတစ်ခေါက်တော့ ခံတွင်းနံ့ကို ဆိုးစေတဲ့ Tonsil stone ကို ဘယ်လို ဖယ်ရှားမလဲ……. ဆိုတာကို ပြောပြပေးသွားပါမယ်။

Tonsil stone ကို ဘယ်လို ဖယ်ရှားမလဲ.......

Tonsil stones ဆိုတာ

Tonsil stones ဆိုတာက အာခေါင် နောက်ဖက်ကနေ ထွက်လာတဲ့ အဖြူရောင် အစိလေးတွေပါ။ ဝါကျင့်ကျင့် အရောင်လည်း ဖြစ်နိုင်ပါတယ်။ ခပ်မာမာလေးဖြစ်ပြီး အနံ့ကတော့ တော်တော်လေး ဆိုးပါတယ်။ ဒါတွေက အာသီးလေးမှာ ကပ်ညှိနေတဲ့ ဘက်တီးရီးယားတွေနဲ့ အညစ်အကြေးတွေ စုမိတာမျိုးပါ။

Tonsil stones ဘယ်လိုဖြစ်

အာသီးလေးတွေက တွင်းလို အပေါက်လိုလေးတွေဖြစ်ပြီး အဲ့အပေါက်လေးတွေထဲမှာ ဆဲလ်သေတွေ၊ ချွဲတွေအပါအဝင် ဘက်တီးရီးယားတွေနဲ့ အခြားသောအရာတွေက ပြည့်နှက်နေတာပါ။ ဒီလို အစားအစာအကြွင်းအကျန်တွေ၊ အညစ်အကြေးတွေ၊ ဆဲလ်သေတွေ၊ ဘက်တီးရီးယားတွေက အာသီးထဲမှာရှိတဲ့ အပေါက်လေးတွေထဲမှာစုပြီး Tonsil stoneတွေ ဖြစ်လာတာပါ။

ခံတွင်းသန့်ရှင်းရေး အားနည်းတာကြောင့်လည်း ဘက်တီးရီးယားတွေ ပေါက်ဖွားလာပြီး Tonsil stonesတွေ ဖြစ်လာနိုင်ပါတယ်။

Tonsil stone ကို ဘယ်လို ဖယ်ရှားမလဲ…….

ခံတွင်း အနံ့ဆိုးကို ဖြစ်စေတဲ့ Tonsil stone ကို ဘယ်လို ဖယ်ရှားမလဲဆိုတော့ အခုလို ဖယ်ရှားလိုက်ပါ။ Tonsil stoneတွေက သေးငယ်တယ်ဆိုရင် အခုလိုလေး ဖယ်ရှားလို့ ရပါတယ်။

ပန်းသီးရှာလကာရည် (သို့မဟုတ်) ရှာလကာရည်

ပန်းသီးရှာလကာရည် ဒါမှမဟုတ် ရှာလကာရည်ကို ရေနဲ့ဆတူရောပြီး အာလုတ်ကျင်းပေးတာက အာသီးထဲက တွင်းပေါက်လေးတွေထဲမှာရှိနေတဲ့ အစိုင်အခဲတွေကို ပျော်စေပါတယ်။ အက်ဆစ်ဓာတ်နဲ့ ဖျော်ထုတ်လိုက်တဲ့ သဘောပါ။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူတွေက ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်သလို ဗိုင်းရပ်စ်တွေကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။ ဘက်တီးရီးယားတွေ ရှင်သန်ပေါက်ဖွားမှု မရှိအောင် တားဆီးပေးနိုင်ပါတယ်။ ကြက်သွန်ဖြူ စားပေးလို့ ရပါတယ်။

နားကြပ်ဂွမ်းတံ (သို့မဟုတ်) လက်ချောင်း

tonsil stoneတွေကို မြင်ရမယ်ဆိုရင် အာသီးတွေကို နားကြပ်ဂွမ်းတံ ဒါမှမဟုတ် လက်ညှိုးနဲ့ ဖိပြီး ဖယ်ရှားလို့ ရပါတယ်။ ပိုးမဝင်စေဖို့တော့ သေချာလေး သတိထားဖို့လိုပါမယ်။ ဖယ်ထုတ်ပြီးတာနဲ့ ဆားရည်နဲ့ အာလုတ်ကျင်းလိုက်ပါ။

ချောင်းဟန့်ပါ

tonsil stoneတွေက သေးမယ်ဆိုရင် ချောင်းဟန့်ထုတ်တာနဲ့ ထွက်လာနိုင်ပါတယ်။ ဒါကြောင့် ချောင်းဟန့်ကြည့်ပါလို့ အကြံပြုပါရစေ။

Essential oils

စပါးလင်ဆီလိုမျိုး Essential oils ကို သွားပွတ်တံမှာ နှစ်စက်လောက်ထည့်ပြီး အာသီးတွေကို သန့်ရှင်းရေးလုပ်ပေးပါ။ ဘက်တီးရီးယားတွေကို အထိရောက်ဆုံး တိုက်ထုတ်နိုင်မှာပါ။

ဆားရည် 

ဆားရည်နဲ့ အာလုတ်ကျင်းတာ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်သလို ခံတွင်းအနာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

ဒိန်ချဉ်

ဒိန်ချဉ် စားပေးတာက tonsil stone ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး tonsil stoneတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ပန်းသီး

ပန်းသီး စားပေးတာကလည်း tonsil stone တွေမဖြစ်အောင် ကာကွယ်ပေးရာရောက်ပါတယ်။ အကြောင်းကတော့ ပန်းသီးမှာပါတဲ့ အက်ဆစ်ဓာတ်က tonsil stone တွေကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်လို့ပါ။

မုန်လာဥနီ

မုန်လာဥနီက တံထွေးထွက်ရှိစေပြီး ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး tonsil stoneတွေ မဖြစ်လာအောင် တားဆီးပေးပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီမှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်တွေပါဝင်နေတာကြောင့် tonsil stone တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို အသုံးပြုပြီး tonsil stone တွေကို ဖယ်ရှားလိုက်ပါ။ ဒီနည်းလမ်းလေးတွေနဲ့ မထွက်သွားဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြပြီး ကုသနိုင်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 05/10/2021 ဖြစ်ပါသည်။