Daflon ကို လိပ်ခေါင်းရောဂါ နှင့် အခြားသော သွေးလည်ပတ်မှုမကောင်းသောရောဂါများ တွင်အသုံးပြုသည်။
အစာစားချိန်များတွင် အစာနှင့်တွဲ၍သောက်သုံးရမည်။
ဆေးကို အခန်းတွင်းအပူချိန်တွင်သာသိမ်းဆည်းရမည်။ နေရောင်ခြည်၊အစိုဓါတ် နှင့် တိုက်ရိုက်မထိတွေ့ရပါ၊ ဆေးပျက်စီးဆုံးရှုံးမှုမဖြစ်စေရန် ရေချိုးခန်း (သို့) ရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းမပြုလုပ်ရပါ။ သို့သော် ဆေးကုမ္ပဏီ ကွာခြားမှုများကြောင့် ဆေးသိမ်းဆည်းပုံများလည်း ကွာခြားနိုင်ပါသည်။ ထို့ကြောင့် ဆေးရောင်းသူကိုမေးမြန်းခြင်းဖြစ်စေ ဆေးဘူးတွင်ပါဝင်သော သိမ်းဆည်းမှုနှင့်ပတ်သက်သည့် အချက်အလက်များကို သေချာစွာဖတ်ရှုခြင်းဖြစ်စေ ပြုလုပ်ရမည်။ ဆေးများကို ကလေးများ တိရစ္ဆာန် များနှင့် ဝေးရာတွင်ထားပါ။ ဆေးများကို ညွှန်ကြားချက်မပါဘဲ အိမ်သာကမုတ်တွင်း မြောင်းတွင်းသို့ မစွန့်ပစ်ရပါ။ ဆေးများကို အသုံးမပြုတော့သည်ဖြစ်စေ သက်တမ်းကုန်ဆုံးသွားသည်ဖြစ်စေ သေချာစနစ်တကျစွန့်ပစ်ရန် အရေးကြီးပါသည်။ မည်သို့မည်ပုံစွန့်ပစ်ရမည်ကို ဆေးဖက်ဆိုင်ရာကျွမ်းကျင်သူများနှင့် တိုင်ပင်သင့်ပါသည်။
ဆေးကိုအသုံးမပြုမီ မိမိ၏ ဆရာဝန်ကို
– ယခုလက်ရှိမိမိသောက်သုံးနေသော ဆေးဝါးများ(အားဆေးများ၊ ဆေးဖက်ဝင် သစ်မြစ်သစ်ဖုများ စသည်)
ဆေးမတည့်ခြင်းများ၊ ယခင်ရှိခဲ့ဖူးသောရောဂါအခံများ၊ ယခုလက်ရှိရောဂါအခြေအနေများ
-ဆေး၏ဘေးထွက်ဆိုးကျိုးများနှင့်သက်ဆိုင်နိုင်သော အခြားသောရောဂါအခြေအနေများ ရှိခဲ့လျှင်
-ကိုယ်ဝန်ဆောင်ခြင်းနှင့် နို့တိုက်ချိန်များဖြစ်လျှင် ဆရာဝန်များနှင့်တိုင်ပင်ရမည်။
တိရစ္ဆာန်ကိုယ်ဝန်ဆောင်စဉ်စမ်းသပ်ချက်များအရ သန္ဓေသားထိခိုက်ခြင်းများ မတွေ့ရပါ။
ထို့ပြင် လူသားစမ်းသပ်မှုများတွင်လည်း ဆိုးကျိုးပေးတတ်သောအကြောင်းအရာများမတွေ့ရသေးပါ။
ဆေး၏အစွမ်းသတ္တိများသည် မိခင်နို့ရည်ထဲတွင်ပါဝင်နိုင်သည့်အတွက် ဆေးသောက်နေစဉ်အတွင်းနို့မတိုက်သင့်ပါ။
အချို့သောသူများတွင် အစာအိမ်နှင့်ပတ်သက်သော အာရုံကြောနှင့်ပတ်သက်သော ရောဂါများအနည်းငယ်ဖြစ်ပေါ်တတ်သည်ဟုတင်ပြထားပါသည်။ သို့သော်ထိုအချက်များမှာဆေးရပ်ရန်မလိုပါ။
အချို့လူများမှာ ဘေးထွက်ဆိုးကျိုးများမခံစားရပါ။ အထက်တွင်မဖော်ပြထားခဲ့သော ဘေးထွက်ဆိုးကျိုးများလည်း ကြုံတွေ့ရနိုင်ပါသည်။ ထိုသို့ကြုံတွေ့ရပါကဆရာဝန်(သို့) ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများထံ တိုင်ပင်နိုင်ပါသည်။
Daflonသည် ယခုလက်ရှိသောက်နေသောဆေးနှင့် ဓါတ်ပြုပြီး ဆေးအာနိသင်ပြောင်းလဲခြင်း ဘေးထွက်ဆိုးကျိုးများ ပိုဖြစ်ပေါ်ခြင်းများ ရှိတတ်ပါသည်။ ထိုသို့ဖြစ်ပေါ်ခြင်းများရှောင်ရှားရန်ယခု မိမိအသုံးပြုနေသောဆေး(ဆရာဝန်ညွန်ကြားထားသောဆေးဖြစ်စေ မိမိသဘောဖြင့်သောက်သောဆေးဖြစ်စေ အကျုံးဝင်ပါသည်။) များကို ဆရာဝန်(သို့)ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများ နှင့် တိုင်ပင်သင့်ပါသည်။ မိမိလုံခြုံရေးအတွက် ဆေးများကိုဆရာဝန်ညွန်ကြားချက်မပါဘဲ သုံးစွဲခြင်း ရပ်တန့်ခြင်းများမပြုလုပ်ရပါ။
Daflonသည် အစားအသောက် အရက်တို့နှင့် ဓါတ်ပြုနိုင်ပါသည်။ ထို့ကြောင့် မသုံးစွဲမီ မစားသုံးမီ ဆရာဝန်များ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများနှင့် တိုင်ပင်သင့်ပါသည်။
Daflon သည် မိမိတွင်ရှိသော ရောဂါ အခြေအနေကိုပိုဆိုးနိုင်သကဲ့သို့ ဆေး၏ပင်ကိုယ်လုပ်ဆောင်မှု စွမ်းအင်များလည်းပြောင်းလဲနိုင်ပါသည်။ ထို့ကြောင့် ပင်ကိုယ်ရောဂါများရှိလျှင် ဆရာဝန်များ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများကို ကြိုတင်အသိပေးရမည်။
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
ပုံမှန် – နေ့လည်ထမင်းစားချိန်၂ လုံးနှင့်ညနေခင်းထမင်းစားချိန်၂ လုံးသောက်သုံးနိုင်ပါသည်။
လိပ်ခေါင်းရှိလျှင် ပထမ ၄ ရက်တွင် တစ်နေ့ ၆ လုံးသောက်ရမည်။ နောက် ၃ ရက်တွင် တစ်ရက်လျှင် ၄ လုံးသောက်ရမည်။
ကလေးများအတွက်လုံခြုံမှုမရှိသည့်အတွက် ဆေးပမာဏသတ်မှတ်ထားခြင်းမရှိပါ။
အသုံးမပြုမီဆေးအကြောင်းကောင်းစွာနားလည်ရပါမည်။ လိုအပ်လျှင်ဆရာဝန်ဖြစ်စေ ဆေးဝါးကျွမ်းကျင်သူဖြစ်စေ တိုင်ပင်ရပါမည်။
အလွှာပါးအုပ်ထားသော 500mg ဆေးလုံးများ
အရေးပေါ်အခြေအနေနှင့် ဆေးအလွန်အကျွံ သုံးစွဲမှုများတွင် နီးစပ်ရာအရေးပေါ်ဆေးရုံဆေးခန်းသို့သွားရောက်ရမည်။
ဆေးသောက်ရန်မေ့ခဲ့လျှင် သတိရရချင်းပြန်သောက်ပါ။ အကယ်၍ နောက်တစ်ကြိမ်သောက်ရမည့်ဆေးအချိန်နှင့် နီးကပ်ပါက မေ့သွားသောဆေးအတွက်မသောက်ဘဲ ပုံမှန်အတိုင်းဆက်သောက်ပါ။ ဆေးပမာဏ ၂ ဆ မသောက်ရပါ။
ရေးသားသူ- Dr Zin Thu Thu Win