
သွားနဲ့ခံတွင်းကျန်းမာရေးကိုဂရုစိုက်မှုက ခန္ဓါကိုယ်ကို ကျန်းမာနေစေဖို့ အများကြီးအထောက်အကူပြုပေးနိုင်ပါတယ်။ခံတွင်းက ခန္ဓါကိုယ်ရဲ့ ဝင်ပေါက်ပါ။ ခံတွင်းကျန်းမာရေးကိုသာသေချာဂရုမစိုက်ဘူးဆိုရင် ခန္ဓါကိုယ်တစ်ခုလုံးအတွက်ကောင်းကျိုးမရှိဘဲဆိုးကျိုးတွေပဲဖြစ်လာမှာပါ။ သွားတွေကိုက်မယ်၊ သွားဖုံးကနေသွေးထွက်မယ်၊ခံတွင်းနံ့ဆိုးမယ်။ ဒါတွေက ခံတွင်းကျန်းမာရေးဂရုစိုက်မှုအားနည်းနေတယ်ဆိုတဲ့ လက္ခဏာတွေပါ။ ခံတွင်းကျန်းမာရေးအားနည်းတဲ့အခါ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ အလွယ်တကူပေါက်ဖွားလာပြီးသွေးကြောတွေထဲကို ရောက်ရှိသွားမှုကနေတဆင့် ကိုယ်တွင်းမှာရောဂါတွေခံစားရနိုင်ပါတယ်။ ဒါကြောင့်ခန္ဓါကိုယ်ကျန်းမာစေဖို့ သွားနဲ့ခံတွင်းကိုသေချာလေးဂရုစိုက်ဖို့လိုပါမယ်။
သွားနဲ့ခံတွင်းကျန်းမာရေးကို ဂရုမစိုက်တာကြောင့်ဒါတွေဖြစ်လာနိုင်ပါတယ်။
ယူကေမှာပြုလုပ်ခဲ့တဲ့လေ့လာမှုအရ ခံတွင်းကျန်းမာရေးအားနည်းသူတွေက သွားဖုံး တွေရောင်တာ၊ သွားဆုံးရှုံးတာတွေအပြင် အသည်းကင်ဆြာဖစ်နိုင်ခြေက ပုံမှန်ထက် ၇၅ ရာခိုင်နှုန်းပိုများနေပါတယ် လို့တွေ့ရှိခဲ့ရပါတယ်။ အစောပိုင်းကလေ့လာမှုတွေအရတော့ သွားနဲ့ခံတွင်းကျန်းမာရေးကို ဂရုမစိုက်တာက အစာရေမြိုကင်ဆာဖြစ်စေနိုင်တယ်လို့ပဲတွေ့ရှိခဲ့ရတာပါ။
အရင်ကလေ့လာမှုရဲ့ ရလဒ်
အစောပိုင်းကလေ့လာမှုရလဒ်တွေအရတော့ ခံတွင်းကျန်းမာရေးကို ဂရုမစိုက်တာက အစာရေမြိုကင်ဆာဖြစ်နိုင်ခြေ ပုံမှန်ထက် ၂၈ ရာခိုင်နှုန်းကျော်ပိုများနေတယ်၊လို့တွေ့ရှိခဲ့ရတာပါ။ ဒါတင်မကသေးပါဘူး သွားနဲ့ခံတွင်းကို ဂရုမစိုက်တာကြောင့် အခြားသော ကင်ဆာရောဂါတွေ ခံစားနိုင်ခြေကလည်းတော်တော်လေးများနေပါတယ်။