brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အဝမလွန်စေနဲ့...ရင်သားကင်ဆာ ဖြစ်စေနိုင်တယ်နော်

လေဒီတို့ရေ။ ဝလို့လှတာ မှန်ပေမယ့် ဝတဲ့နောက်ကွယ်မှာ ချစ်စရာကောင်းတာတစ်ခုတည်းရှိနေတာမဟုတ်ပါဘူးနော်။ ဝနေခြင်းရဲ့နောက်ကွယ်မှာ ရောဂါအန္တရာယ်တွေပေါင်းစုံရှိနေပါတယ်။ လူကိုဒုက္ခပေးနိုင်တဲ့ အဖြစ်များဆုံးအန္တရာယ်ကြီးတွေဖြစ်တဲ့ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတွေဆို ဝတဲ့သူတွေမှာ ဖြစ်နိုင်ခြေပိုများပါတယ်။ ဒီတစ်ခါလည်း အဖြစ်များတဲ့ ရင်သားကင်ဆာနဲ့ပတ်သက်ပြီး သတိပေးဖို့ ရည်ရွယ်ထားတာမို့ ဆက်ပြီးဖတ်ကြည့်ပေးပါဦး။

အဝမလွန်စေနဲ့...ရင်သားကင်ဆာ ဖြစ်စေနိုင်တယ်နော်

ရင်သားကင်ဆာဖြစ်စေနိုင်တဲ့အန္တရာယ်တွေတချို့က အစားအသောက်နဲ့ ကိုယ်လက်လှုပ်ရှားမှုတို့လို ကိုယ့်ရဲ့အမူအကျင့်တွေနဲ့ သက်ဆိုင်ပါတယ်။

လှုပ်ရှားမှုနည်းတယ်လား

ပုံမှန်လှုပ်ရှားမှုမရှိတဲ့သူတွေ၊ အထိုင်များတဲ့သူတွေမှာ ရင်သားကင်ဆာအန္တရာယ်ရှိနိုင်တယ်လို့ သုတေသနအထောက်အထားတွေက ဖော်ပြထားပါတယ်။ ဆက်နွှယ်မှုကိုအတိအကျအဖြေမထုတ်နိုင်ပေမယ့် ကိုယ်အလေးချိန်၊ ရောင်ရမ်းမှုတွေ၊ ဟော်မုန်းနဲ့ ခွန်အားထိန်းညှိမှုတွေရဲ့သက်ရောက်မှုတွေကြောင့်ဖြစ်နိုင်ပါတယ်။The American Cancer Society ရဲ့အကြံပြုချက်အရ တစ်ပတ်ကို အတော်အသင့်ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်း မိနစ် ၁၅၀ နဲ့ အားစိုက်ရတဲ့လေ့ကျင့်ခန်း ၇၅ မိနစ်လောက် လုပ်သင့်ပါတယ်။

မလှုပ်ရင် ဝလာမယ်၊ ဝလာလို့ လေးလံပြီး ပိုမလှုပ်ဖြစ်တော့ဘူး။ ဒါနဲ့ပဲသံသရာလည်ရင်း ရောဂါတွေတိုးလာနိုင်ပါတယ်။

ဝနေပြီဆိုရင်

နည်းနည်းလေးပြည့်လာတာနဲ့ ဝတယ်ဆိုတာမတူပါဘူးနော်။ တော်ကြာ ငါများဝနေပြီလားဆိုပြီး ဆိုက်ကိုဖောက်ကုန်ပါဦးမယ်။ ကိုယ့်ရဲ့ BMI မှာ overweight( ကိုယ်အလေးချိန်များနေ)ဖြစ်နေပြီ၊ အဝလွန်ဘက်ရောက်နေပြီဆိုမှ စိတ်ပူသင့်ပါတယ်။

သွေးဆုံးပြီးတဲ့အမျိုးသမီးတွေမှာ အဝလွန်လာရင် ရင်သားကင်ဆာအန္တရာယ်ရှိပါတယ်။ သွေးမဆုံးခင်က အီစထရိုဂျင်ဟော်မုန်းအများစုကို သားဥအိမ်ကနေ ထုတ်ပေးတာဖြစ်ပြီး အဆီတစ်ရှူးကတော့ အီစထရိုဂျင်ပမာဏအနည်းငယ်သာထုတ်လုပ်ပါတယ်။ သွေးဆုံးပြီးတဲ့နောက် (သားဥအိမ်က အီစထရိုဂျင်မထုတ်တော့တဲ့အခါ) ဒီဟော်မုန်းကို အဆီတစ်ရှူးဆီက အများဆုံးရရှိပါတယ်။ သွေးဆုံးပြီးနောက်ပိုင်း အဆီတစ်ရှူးတွေများလာခြင်းက အီစထရိုဂျင်ပမာဏကိုမြင့်တက်စေပြီး ရင်သားကင်ဆာဖြစ်နိုင်ခြေကိုပိုများစေပါတယ်။

အကောင်းဆုံးကတော့ အစားအသောက်ကို ညီညွတ်မျှတအောင်စားသုံးပြီး လှုပ်လှုပ်ရှားရှားနေထိုင်ဖို့၊ ကျန်းမာတဲ့ကိုယ်အလေးချိန်ကိုထိန်းသိမ်းဖို့ပါပဲ။

ဒါ့အပြင် ရင်သားကင်ဆာအန္တရာယ်ရှိစေနိုင်တဲ့ တခြားအချက်တွေက ဘာတွေရှိသေးလဲဆိုတော့ –

အရက်သောက်ခြင်း

လေဒီတို့ကအရက်မသောက်ပါဘူး၊ ဝိုင်လေး၊ ဘီယာလေး၊ ကောက်တေးလေးသောက်တာပါဆိုလို့ မရဘူးနော်။ အယ်လ်ကိုဟောပါတာအကုန် ဒီထဲမှာအကျုံးဝင်ပါတယ်။ ကိုယ်သောက်တဲ့ပမာဏကိုလိုက်ပြီး ရင်သားကင်ဆာအန္တရာယ်ကပိုပြီးတိုးလာတာပါ။ လေ့လာမှုတွေအရ ဝိုင်၊ ဘီယာ ဒါမှမဟုတ် အရက်တစ်ခုခုကို တစ်နေ့ နှစ်ခွက်၊ သုံးခွက်သောက်တဲ့ အမျိုးသမီးတစ်ယောက်ဟာ အယ်လ်ကိုဟောမသောက်တဲ့သူတွေထက် ရင်သားကင်ဆာဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်းပိုများပါတယ်။ လုံးဝမရှောင်နိုင်ရင်တောင် တစ်နေ့ကို တစ်ခွက်ထက်ပိုမသောက်သင့်ပါဘူးလို့ ပညာရှင်တွေကသတိပေးပါတယ်။ မဟုတ်ရင် တဖြည်းဖြည်းနဲ့ ရင်သားကင်ဆာဖြစ်နိုင်ခြေကိုတိုးစေနိုင်ပါလိမ့်မယ်။

ကလေးမမွေးဖူးခြင်း

ကလေးမမွေးဖွားဖူးတဲ့ အမျိုးသမီးတွေ ဒါမှမဟုတ် အသက် ၃၀ ကျော်ပြီးမှ ပထမဆုံးကလေးမွေးဖူးသူတွေမှာ တခြားသူတွေထက် ရင်သားကင်ဆာဖြစ်နိုင်ခြေ အနည်းငယ်ပိုများပါတယ်။ အသက်ငယ်ငယ်မှာ ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးဖူးလေ ရင်သားကင်ဆာအန္တရာယ်ပိုနည်းလေဖြစ်ပါတယ်။

မိခင်နို့မတိုက်ဖူးခြင်း

ဒါကတော့ ကလေးမွေးဖူးတဲ့မိခင်တွေနဲ့ပဲဆိုင်မှာပေါ့။ မိခင်နို့တိုက်ကျွေးခြင်းက ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျော့နည်းစေတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။

ရင်သားကင်ဆာဆိုတာ မျိုးဗီဇကြောင့်ဖြစ်ရတာကလွဲလို့ ကြိုတင်ကာကွယ်လို့ရတဲ့ရောဂါဖြစ်ပါတယ်။ ကိုယ့်မိသားစုမှာ မျိုးရိုးရှိတယ်ဆိုရင်တောင် အပြုအမူ၊ နေထိုင်မှုပုံစံတွေကိုဂရုစိုက်ပြီး ဖြစ်နိုင်ခြေကိုလျှော့ချနိုင်ပါတယ်။ ဒါ့ကြောင့် အစားအသောက်ကို ကျန်းမာရေးနဲ့ညီတာတွေပဲစားပါ၊ ကိုယ်လက်လှုပ်ရှားမှုမှန်မှန်လုပ်ပါ၊ ကိုယ်အလေးချိန်ထိန်းပါ ဆိုတဲ့အချက်သုံးချက်နဲ့တင် ရောဂါအတော်များများကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/06/2022 ဖြစ်ပါသည်။